နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLOအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၆၁ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင် အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော် စစ်ကြောင်းများက တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူ များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အား ထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျ ဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင် များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင် အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများ အလိုက် တာဝန်ရှိသူများ က အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားပြီး တိုင်းမှူးက အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ဉပဒေအကြောင်းအရာများအား ရှင်းလင်းပြော ကြားသည်။ ယင်းနောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ပစ္စတို သေနတ် ၃ လက်၊ Type-81 သေနတ် ၁၄ လက်၊ M-16 သေနတ် ၄ လက်၊ M-22 သေနတ် ၄ လက်၊ M-79 သေနတ် ၂ လက်၊ MA-11 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ကျည်အိမ်မျိုးစုံ ၄၂ ခု၊ ကျည်မျိုးစုံ ၂၂၁၉ တောင့်၊ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၁၅ လုံး၊ ဒီတိုနေတာ ၁၃ ခုနှင့် စကားပြောစက် ၂ လုံး တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပစ္စတိုသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ၃ လက်အတွက် သိန်း ၆၀ကျပ်၊ မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက် အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂၇ လက်အတွက် သိန်း ၁၃၅၀ ကျပ်၊ လက်ပစ်ဗုံး တစ်လုံးစီအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၁၅လုံးအတွက် ၄၅သိန်း ကျပ်၊ မိုင်းတစ်လုံးအတွက် ၃သိန်းနှုန်းဖြင့် ၃လုံးအတွက် ၉သိန်းကျပ်၊ စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂သိန်းနှုန်းဖြင့် ၂လုံးအတွက် ၄သိန်းကျပ်နှင့် အလင်းဝင် ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၆၁ဦးအတွက် ၆၁သိန်းကျပ် စုစုပေါင်းငွေကျပ် သိန်း ၁၅၂၉ ကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများ အား ကြည့်ရှစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှ အမျိုးသား ၂ ဦး၊ ညောင်ရွှေ မြို့နယ်မှ အမျိုးသား ၁ ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၃၀ ဦး၊ ပင်လောင်းမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၁၀ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသား ၆ ဦး၊ စုစုပေါင်းPNLO အဖွဲ့ဝင် အမျိုးသား ၆၁ ဦး ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ဧပြီလ ၂၄ ရက်နေ့တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို သိရှိနားလည်သဘောပေါက်လာကြ သည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦးတို့သည်လည်း လက်နက်ကိုင်လမ်းစဉ်များကို စွန့်လွှတ်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အလင်းဝင်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် လက်နက်ကိုင် အဖွဲ့ဝင် များနှင့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော် နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-
၁။ ကျွန်တော်ကတော့ ပင်လောင်းမြို့နယ်ကပါ။ PNLO အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင် ရောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ PNLO အဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ PNLO အဖွဲ့မှ ခွန်တန်(ခ) ဆလိုက် ရဲ့စည်းရုံးခေါ်ဆိုမှုကြောင့် PNLO အဖွဲ့ကို ဝင်ရောက်ခဲ့ပြီး ဆီဆိုင်မြို့နယ် ဗန်းမတ်ကျေးရွာမှာ လှုပ်ရှားခဲ့ပါတယ်။ အကြမ်းဖက် အဖွဲ့ထဲ ရောက်ရှိခဲ့ချိန်မှာတော့ အကြမ်းဖက်အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်ခံခဲ့ ရတာ အနေအထိုင် အစားအသောက် အရမ်းခက်ခဲ ကြပ်တည်းခဲ့ရတာတွေ အပြင် ၂၀၂၆ ခုနှစ်မှာ ဆီဆိုင်မြို့နယ် ဗန်းမတ်ကျေးရွာကို PNO အဖွဲ့က နယ်မြေရှင်းလင်း ဝင်ရောက်ခဲ့တဲ့ အတွက် ထီတဖြေ ကျေးရွာဘက်မှ ကျွန်တော်တို့ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်။ PNLO အကြမ်းဖက်အဖွဲ့မှာ ဆက်နေခဲ့ရင် အသက်သေဆုံးနိုင်ပြီး မသေလျှင်လည်း အဖမ်းခံရနိုင်တာ ကြောင့် ထွက်ပြေးပြီး အခုလို အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်တော့လည်း တပ်မတော် မှ တာဝန်ရှိသူတွေက သားသမီးလို ညီအစ်ကိုလိုမျိုး နွေးထွေးစွာ ပြောဆိုဆက်ဆံခဲ့ပါတယ်။ ကောင်းမွန်စွာ ထားပြီး မိသားစုသဖွယ် အခုလို ဆက်ဆံတဲ့အတွက် လွန်စွာဝမ်းသာကျေနပ် ခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ တောထဲမှာ ကျန်ရှိခဲ့တဲ့ လူငယ်တွေကို တောထဲမှာ အကြောင်းမဲ့ သေဆုံးရမဲ့အစား မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ကျွန်တော်နဲ့ လက်တွဲပြီး တပ်မတော်ကို အလင်းဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
၂။ ကျွန်တော်ကတော့ ဆီဆိုင်မြို့နယ် ဇာတိ ပအို့ဝ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ PNLO အဖွဲ့ကနေ အလင်းဝင်ရောက်လာတဲ့ သူလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကြမ်းဖက်အဖွဲ့ ထဲကို မဝင်ရောက်ခင်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့တာပါ။ ဒါပေမယ့် PNLO အကြမ်းဖက်အဖွဲ့က ၎င်းတို့အဖွဲ့အစည်းကို ဝင်ရောက်ဖို့ စည်းရုံးခဲ့မှုကြောင့် PNLO အကြမ်းဖက် အဖွဲ့ထဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်အကြမ်းဖက် အဖွဲ့ထဲကို ရောက်ရှိချိန်မှာတော့ အကြမ်းဖက် အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်ခံခဲ့ရတယ်။ အနေအထိုင် အစား အသောက် အရမ်းခက်ခဲ ကြမ်းတမ်းခဲ့ရတယ်။ အကြမ်းဖက်အဖွဲ့တွေက သူတို့ကို မထောက်ခံတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ အခုချိန်မှာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်မှ ငြိမ်းချမ်းရေး ဖိတ်ခဲ့မှုကြောင့် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်ပြီး အေးချမ်းစွာ နေထိုင်လိုခြင်းဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့ အချိန်မှာလည်း တပ်မတော်က တာဝန်ရှိ သူတွေအနေနဲ့ နွေးထွေးစွာ ကြိုဆိုကြပါတယ်။ ကောင်းကောင်းမွန်မွန်ထားပြီး မိသားစုတစ်ဦးလို ဆက်ဆံတဲ့အတွက် အရမ်း ဝမ်းသာပီတိဖြစ်ရပါတယ်။ လူငယ်များအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လူမှုကွန်ယက်ကနေ ပြောဆိုစည်းရုံးတာတွေ ၎င်းတို့နဲ့ ပတ်သက်ဆက်နွယ်သူများရဲ့ မဟုတ်မမှန် ဝါဒဖြန့် ပြောဆို စည်းရုံးမှုများကို နားယောင်ပြီး အကြမ်းဖက်အဖွဲ့ကို မဝင်ကြဖို့ ကျွန်တော်အခုလို အလင်းဝင် ရောက်ပြီးတော့ မိသားစုများနဲ့အတူ မြို့မှာ အေးအေးချမ်းချမ်းနေထိုင်ရသလို အကြမ်းဖက်အဖွဲ့ ထဲမှာ ကျန်ရှိနေတဲ့ လူငယ်များကိုလည်း အမြန်အလင်းဝင်ရောက်လာပြီး မိသားစုနဲ့အတူ ပြန်လည်နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။





