နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၂၄
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင် အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော် စစ်ကြောင်းများက တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူ များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အား ထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျ ဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင် များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင် အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများ အလိုက် တာဝန်ရှိသူများ က အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရား ဥပဒေပုဒ်မများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် လက်နက်မျိုးစုံ ၃၁ လက် နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၄၈ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၁၂၉၈ တောင့်၊ မိုင်းမျိုးစုံ ၃ လုံး တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်း အတွက် ဆုကြေးငွေကျပ် ၅ သိန်း နှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီး တစ်လုံးစီအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်း၊ စကား ပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူ များအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၇၁၂ သိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်သည်။ ယင်းနောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများ အား ကြည့်ရှစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၅၈)ဦး၊ အမျိုးသမီး(၅)ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား(၄)ဦး၊ ချမ်းမြသာစည် မြို့နယ်မှ အမျိုးသား(၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား(၁)ဦး၊ အမရပူရ မြို့နယ်မှ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၃)ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၃)ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား(၁)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၂)ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား(၄)ဦး၊ မတ္တရာ မြို့နယ်မှ အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၉)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၃၈)ဦး၊ အမျိုးသမီး(၁၅)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၄)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား (၁၃)ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား(၄)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား (၉)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၁)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၃)ဦး၊ ဆိပ်ဖြူမြို့နယ်မှ အမျိုးသား (၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ အမျိုးသား(၈)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ မင်းလှမြို့နယ်မှ အမျိုးသား(၂)ဦး၊ မင်းတုန်း မြို့နယ်မှ အမျိုးသား (၈)ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား (၁၄)ဦး၊ ရေနံချောင်း မြို့နယ်မှ အမျိုးသား (၁)ဦး၊ စုစုပေါင်း အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး ပေါင်း ၅၁၇ ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-
၁။ MDY-PDF တွေ ကျွန်တော်တို့ သပိတ်ကျင်းမြို့နယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ တစ်အိမ်တစ်ယောက်အနေနဲ့ မဖြစ်မနေဝင်ရမဲ့စနစ်လို့ သူတို့ပြောတယ်။ ပြောတဲ့အခါမှာ ကျွန်တော်တို့ တကယ်လို့မဝင်ရင် မိသားစုတွေကို အန္တရာယ်ပေးမယ် ဒုက္ခပေးမယ်ဆိုလို့ ကျွန်တော်တို့ဝင်ခဲ့ရပါတယ်။ ရောက်တဲ့အချိန်မှာ သင်တန်းကာလမှာ ကျွန်တော်တို့ကို ငှပျော တောဆိုတဲ့နေရာကိုပို့ပါတယ်။ ငှပျော်တောကနေပြီးတော့ သတ္တုတွင်းဆိုတဲ့နေရာကို ပို့ပါ တယ်။ သတ္တုတွင်းကနေပြီးတော့ ရှမ်း(မြောက်)ကို ရောက်ပါတယ်။ ကျွန်တော်တို့ရတဲ့ ပိုက်ဆံတွေကိုလည်း အထက်အရာရှိကို ပြန်ပေးဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ပြည်သူတွေအတွက် သုံးတာမတွေ့ရပါဘူး။ သူတို့ ကိုယ်ကျိုးကောင်းစားဖို့အတွက် ပဲ သုံးတာတွေကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ တချို့ ညီငယ်ညီမငယ်တွေကိုလည်း ရောင်းစားတာတွေလည်း ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီစနစ်ကို မကြိုက်လို့ ဒီမှာ လည်း မနေချင်လို့ ထွက်ပြေးခဲ့တာလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းကနေ ထွက်ပြေးလာတဲ့ အချိန်မှာ အခုတပ်မတော်ထံမှာ အလင်းလာဝင်တာပဲ ဖြစ်ပါတယ်။ တပ်မတော်ထံမှာ အလင်းလာဝင်တဲ့အချိန်မှာလည်း တပ်မတော်က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ နေရေး ၊ ထိုင်ရေး ၊ စားရေး၊ သောက်ရေး အားလုံးအဆင်ပြေအောင် လုပ်ပေးပါတယ်။ ညီအကိုလိုပဲ အားလုံးကို ဆ က်ဆံပါတယ်။ အဖွဲ့ထဲမှာ ကျန်ခဲ့တာ ညီအစ်ကိုမောင်နှမတွေ သူငယ်ချင်းတွေ လည်း တပ်မတော်ထံမှာ အလင်းလာဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
၂။ ဒီအဖွဲ့အစည်းထဲရောက်သွားရတာကတော့ အိမ်နဲ့အဆင်မပြေတာနဲ့ သူငယ်ချင်းတွေ စီသွားရင်းနဲ့ သူငယ်ချင်းတွေက သူတို့နဲ့လိုက်ခဲ့ ဟိုမှာ လုပ်ငန်းအဆင်ပြေတယ်ပေါ့။ အစစအရာရာ အဆင်ပြေတယ်ဆိုပြီး ခေါ်သွားတယ်။ ဟိုမှာ အကြမ်းဖက်တွေစီရောက်သွား တယ်။ အဲဒီလိုမျိုးခေါ်သွားမယ်လို့လည်း မသိဘူး။ လုပ်ငန်းကောင်းတယ်ဆိုပြီး ခေါ်သွားပြီး ဒီအကြမ်းဖက်ထဲမှာပဲ နေခိုင်းတယ်။ နေခိုင်းပြီးတော့ မနေရင် နင်တို့ကို တစ်ခုခုလုပ်မှာ ငါတို့ ပွိုင့်နေရာတွေသိသွားပြီ ဆိုတော့ ကျွန်တော်တို့ကို မပြန်ခိုင်းဘူး။ မပြန်ခိုင်းဘဲနဲ့ သင်တန်း တစ်လလောက်ပေးတယ်။ သင်တန်းမှာလည်း ထမင်း နပ်မှန်အောင်လဲ မစားခဲ့ရဘူး။ သင်တန်းပြီးတော့ ရွှေဘိုမှာ တာဝန်ကျတယ်။ သမီးတို့ကို နောက်တန်းမှာထားတယ်။ ရှေ့တန်းက ထိခိုက်ဒဏ်ရာရသူတွေနဲ့ ထားတယ်။ထိခိုက်ဒဏ်ရာရသူတွေကို ထမင်းချက် ကျွေးရတယ်။ သူတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ခဲ့ရတယ်။ ပြည်သူတွေဆီက လက်နက်ခဲယမ်းဖိုး တစ်နေ့ကို သိန်း ၂၀၀ လောက်ကောက်တယ်။ အလှူငွေရတယ်။ ဘာလုပ်လဲဆိုတော့ သူတို့ ကောင်းစားဖို့ သူတို့မိသားစုအတွက်ပဲ လုံးပန်းတယ်။ နောက်တန်းက ရဲဘော်တွေကို တစ်ယောက်မှ လှည့်မကြည့်ခဲ့ဘူး။ ကျွန်တော်တို့ဆို ထမင်းငတ်တဲ့ နေ့တွေလည်းရှိတယ်။ ထမင်းပုံမှန်မစားခဲ့ရဘူး။ ရှေ့တန်းက ထိလာတဲ့ ရဲဘော်တွေလည်း အများကြီးပဲ။ သူတို့ဆိုလည်း ကျန်းမာရေးမကောင်းရင်တောင်မှ သူတို့ဘာသာသူတို့ ပေတေနေခဲ့ရသူတွေ လည်းရှိတယ်။ ဒါပေမယ့် သူတို့က လုံးဝ(လုံးဝ) လှည့်မကြည့်ခဲ့ဘူး။ သူတို့ကျတော့ ကား အကောင်းစားကြီးတွေစီတယ်။ သူတို့ မိသားစုတွေနဲ့ သွားလာပျော်ပါးတယ်။ အဲဒီလိုတွေရှိ တယ်။ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒလဲ မပေးဘူး။ အခွင့်အရေးဆိုတာလည်း မရှိခဲ့ဘူး။ မိဘက အဆင်မပြေလို့ ထောက်ပံ့ချင်ရင်တောင်မှ သူတို့က မပေးဘူး။ ထိခိုက်ဒဏ်ရာ ရနေသူတွေကို စောင့်ရှောက်ခိုင်းတယ်။ သူတို့ကိုယ်တိုင်လည်း လုပ်မပေးဘူး။ ပြီးရင်ဆေးဝါး တွေလည်း မပြည့်စုံဘူး။ ကျွန်တော်တို့နဲ့ပဲ ပစ်ထားတယ်။ သူတို့သွားချင်ရာသွားတယ်။ တစ်ခါတစ်လေမှ ကျွန်တော်တို့ဆီလာတယ်။ လာပြီးတော့လည်း ဆူငေါက်သွားတယ်။ အာဏာတွေသုံးပြီးတော့ ကောင်းမလေး ၂ ယောက်၊ ကျွန်တော်တို့ထဲကပဲ မိဘတွေကလည်း ကျန်းမာရေး ချို့တဲ့၊ အိမ်နဲ့လည်း ဆက်သွယ်မခိုင်းဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်။ သူတို့က ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန် သူတို့ ၂ ယောက်ပြန်မိလာတယ်။ မိလာတော့ ညှင်းပန်းနှိပ်စက်တယ်။ ဗိုက်ကြီးသည်ကိုလည်း ဗိုက်ကြီးသည်မို့ မညှာဘူး ညှင်းပန်း နှိပ် စက်တယ်။ ညှင်းပန်း နှိပ်စက်ပြီးတော့ သူတို့ကို ထောင်ထဲထည့်တယ်။ ထောင်ထဲထည့်တော့ လည်း၊ ထောင်ထဲမှာလည်း သူတို့မကျေမနပ်ချင်း သူတို့ကိုရိုက်တယ်။ အဲဒါ ကျွန်တော်က လည်း သူတို့အကြမ်းဖက်နှိပ်စက်မှုတွေကို မခံနိုင်လို့ ကျွန်တော်လည်း ဒီဘက်ကို အလင်းဝင် လာတဲ့ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ တပ်မတော်မှာ လာပြီး အလင်းဝင်ရောက်ခဲ့ ပါတယ်။ သမီးလိုမျိုး အသက်မပြည့်သေးတဲ့ ညီငယ် ညီမငယ်တွေလည်း အဖွဲ့အစည်းထဲမှာ ကျန်နေပါသေးတယ်။ သူတို့လည်း ကျွန်တော်တို့လိုပဲ အလင်းဝင်ချင်ပါတယ်။ သူတို့လေးတွေ အလင်းဝင်နိုင်ဖို့အတွက် သက်ဆိုင်ရာ လူကြီးမင်းတွေကိုလည်း အကူအညီတောင်းချင်ပါ တယ်။ သမီးလည်း နောက်နောင် ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်တော့ပါဘူး လို့ ကတိပေးပါတယ်။
၃။ ကျွန်တော်တို့ အဲဒီအဖွဲ့အစည်းထဲ ရောက်သွားတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့မြို့ကို သိမ်းပြီးတော့ ကျွန်တော်တို့ကို TNLA ကနေပြီးတော့ စစ်မှုထမ်းခေါ် တယ်။ စစ်မှုထမ်းခေါ်တဲ့အချိန်ကျတော့ မဖြစ်မနေစစ်မှုထမ်းရမယ်။ အဲဒီလိုပြောတဲ့ အချိန်မှာ ကျွန်တော်တို့ကလည်း ရှင်းရှင်းပြောရရင် စစ်မှုမထမ်းချင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော် တို့ကို ပကဖ အဖွဲ့အစည်းကနေပြီးတော့ ဒီအဖွဲ့အစည်းထဲဝင်လာခဲ့ပါ။ ဒီအဖွဲ့ အစည်းထဲ ဝင်ပြီးသွားရင် မင်းတို့ကို စစ်မှုလည်းမထမ်းခိုင်းတော့ဘူး။ မင်းတို့ထွက်ချင်တဲ့ အချိန်ပြန်ထွက်လို့ရတယ် ဆိုပြီးတော့ ကျွန်တော်တို့ကိုအယုံသွင်းပြီး လိမ်ခေါ်လာခဲ့တယ်။ ကျွန်တော်တို့ ပြန်ထွက်မယ် ပြောတော့ သူတို့ကပေးလည်းမထွက်တော့ပါဘူး။ ထွက်ချင်ရင် တစ်ယောက် ၁၀ သိန်းပေးရမယ်ဆိုပြီး ကျွန်တော်တို့ကိုပြောပါတယ်။ သင်တန်း ကို သုံးလ ခွဲတက် ရပါတယ်။ သင်တန်းတက်တဲ့အချိန်မှာ တောထဲတောင်ထဲမှာ ဆိုတော့ အနေဆင်းရဲ တယ်။ စားတဲ့အခါကျတော့လည်း ထမင်းအသိုးတွေနဲ့ လည်းစားခဲ့ရ တယ်။ လုံးဝမစားရတဲ့ ရက်တွေလည်းရှိတယ်။ ကျွန်တော်တို့ကို ကျတော့ အမြဲတန်းအပြစ်မရှိ အပြစ်ရှာပြီးရိုက် တယ်။ ရိုက်ပြီးမိုက်မိုက်ရိုင်းရိုင်း လည်းဆဲ ပါတယ်။ ကျွန်တော်တို့သင်တန်းဆင်းပြီးတော့ ကျွန်တော်တို့ကို မိုးကုတ်မှာဘဲ တာဝန်ထမ်းဆောင်ရတယ်။ ကျွန်တော်က အသက်မပြည့် သေး တဲ့အတွက် သူတို့က ရှေးတန်းကို မထွက်ခိုင်းဘူး။ နောက်တန်းမှာပဲ သူတို့ အတွက် အလှူခံ ပြီး ပိုက်ဆံရှာပေးရတယ်။ ပြည်သူတွေဆီက အလှူခံထားတဲ့ ငွေတွေကိုလည်း သူတို့တွေက အလွဲသုံးစားလုပ်တယ်။ အောက်ကရဲဘော် တွေကို မကြည့်ကြဘူး။ ပြီးရင် မူးယစ်ဆေးသုံးတဲ့သူတွေလည်းရှိတယ်။ ခေါင်းဆောင်ပိုင်းထဲက အဲဒီလိုမျိုး ပြည်သူ တွေဆီ က အလှူခံထားတဲ့ငွေကိုလည်း သူတို့အပျော်အတွက်သုံးကြ တယ်။ ကျွန်တော်တို့အဲဒီမှာ နေရတာ ကျတော့ ကျွန်တော်တို့အဖွားအရွယ် လောက်ရှိတဲ့ အမေအိုကြီးကို သူတို့ ယောက်ကျားသားတွေ နှစ်ယောက် သုံးယောက်လောက်က ဘာမှမဟုတ်ဘဲနဲ့ သက်သေ မခိုင်လုံတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့ချုပ်နှောင်တယ်။ ပြီးတော့ ဖိနပ်တွေနဲ့ဝိုင်းရိုက်တာ မျိုးတွေ လည်းရှိတယ်။ ကျွန်တော်တို့လည်း သူတို့ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ကြည့်ပြီး ကျွန်တော်တို့လည်း ကျွန်တော်တို့ကို ကျွန်တော်တို့ ရှက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ အရမ်းမှားနေပြီထင်ပြီး ကျွန်တော်တို့ တပ်မတော်ထံ အလင်းဝင် လာတယ်။ ကျွန်တော်တို့ အလင်း ဝင်လာတဲ့အခါမှာလည်း တပ်မတော်မှ တာဝန်ရှိသူများက ကျွန်တော်တို့ကို နွေးနွေး ထွေးထွေးကြိုဆိုတယ်။ လိုလေသေး မရှိအောင်ထားပါတယ်။ ပြီးတော့ မကြာခင်မှာ ကျွန်တော်တို့မိဘတွေနဲ့ ပြန်တွေ့ရတော့မှာပါ။ တောထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေလည်း မိသားစုတွေနဲ့ပြန်တွေ့ကျဖို့ တပ်မတော်ထံ အလင်းဝင်ကြဖို့ ကျွန်တော်အနေနဲ့ ဖိတ်ခေါ် ပါတယ်။





