တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယမန်နေ့မွန်းလွဲ ပိုင်းတွင် ကျိုင်းတုံတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် မိုင်းခတ်နှင့်မိုင်းယန်း တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား မိုင်းခတ်တပ်နယ်ခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြား ရာတွင် တပ်မတော်သားများဖြစ်သည့်အတွက် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံမှုနှင့် စနစ်တကျနေထိုင်တတ်မှုသည်အရေးကြီးကြောင်း၊ ကွပ်ကဲအုပ်ချုပ်သည့် ခေါင်းဆောင် များအနေဖြင့် မိမိကိုယ်တိုင်ကစ၍ စည်းစနစ်တကျနေထိုင်ပြီး လက်အောက်ကိုလည်း စည်းကမ်းတကျ ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း၊ သို့မှသာ ပြည်သူကလေးစားအားကျ ယုံကြည်အားကိုးရသည့် တပ်မတော်သားကောင်းများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း။
တပ်မတော်၏ ကောင်းမွန်သည့်အစဉ်အလာကောင်းများကို ဆက်လက်ထိန်း သိမ်းကာကွယ်ရန်မှာ တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝ ရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့တတ် မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင် အောင်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများ ဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း တိတိကျကျ လေ့ကျင့်နေကြရန် လိုကြောင်း။
တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်ရန် လိုအပ်ပြီး စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိ များရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်ယူထားသောစစ်ပညာများကို ကြံရည် ဖန်ရည်ဖြင့် အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ စစ်မြေပြင်တွင်တစ်ဦးချင်း၏ တိုက်ပွဲ စွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့အစည်း၏တိုက်ပွဲစွမ်းရည်ကို မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်းနှင့် ပြည်သူမှယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်အောင် အမြဲ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊
မည်သည့်နေရာသို့ရောက်သည် ဖြစ်စေ၊ မည်သည့်ကိစ္စကို လုပ်ဆောင်သည် ဖြစ်စေ အခြေခံအချက်များနှင့်ပြည့်စုံပြီး ပုံစံတကျရှိနေရန်လိုကြောင်း၊ ယူနီဖောင်း ဝတ်ဆင်မှုနှင့်သွားလာလှုပ်ရှားမှုတို့တွင် ပုံစံတကျဖြစ်နေရန်လိုပြီး ၎င်းအချက်သည် စစ်ရေးစွမ်းရည်အပိုင်းတွင် များစွာအထောက် အကူပြုကြောင်း၊ စည်းကမ်းဆိုရာတွင် သတ်မှတ်ထားသော ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှုမှစ၍ အခြေခံကျကျ အလေးထား လိုက်နာရန်လိုကြောင်း၊ ထို့အပြင် အထက်အောက်လေးစားမှု၊ အမိန့်နာခံမှု၊ သစ္စာရှိမှုကို ဖော်ညွှန်းသည့် အလေးပြုခြင်းစနစ်ကိုလည်း သတ်မှတ်ပုံစံတကျ ဆောင်ရွက်သွားရန် လိုကြောင်း။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ တွင်ရှိပြီး အုပ်ချုပ်မှုမကောင်းလျှင် စစ်ရေးစွမ်းရည်နှင့်စည်းရုံးရေး စွမ်းရည်ပါမကောင်း နိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ အုပ်ချုပ် မှုကောင်းရန် စည်းကမ်းကောင်းမွန်မှုသည် အရေးကြီးကြောင်း။
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ထောက်တိုင် ၃ ရပ်ကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကြောင်းထား ကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကျောင်းသွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း။
တပ်မတော်သည် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သော အဖွဲ့အစည်းဖြစ်သည့် အတွက် ခေါင်းဆောင်မှုပိုင်းသည်အလွန်အရေးကြီးကြောင်း၊ တပ်မတော်တွင် အဆင့် ဆင့်သတင်းပို့တင်ပြမှုသည်အရေးကြီးသည့်အတွက် မှန်မှန်ကန်ကန်ဖြင့် အတ္တ၊ပရ ညီညွတ်မျှတစွာ သတင်းပို့တင်ပြရန်လိုကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း လက်အောက်ကသတင်းပို့တင်ပြမှုများအပေါ် အရေးတယူ မှန်မှန်ကန်ကန်ဆောင်ရွက် ပေးကြရန်လိုကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးများတွင် ဦးဆောင်သူများသည် မှန်ကန်သောဦး ဆောင်မှုများလုပ်ဆောင်သွားရန်လိုပြီး မှန်ကန်သောဦးဆောင်မှုဆိုသည်မှာခေါင်းဆောင် မှုအင်္ဂါရပ်များနှင့် ကိုက်ညှိလုပ်ဆောင်ရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမှုနေထိုင်မှုများကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ အသောက်အစားအပျော်အပါးများကြောင့် မိမိတို့တစ်ဦးချင်း စွမ်းဆောင်ရည်များနှင့် မိမိတို့၏ မိသားစု၊ အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာ ချောင်ချိရေးအတွက် နေရေး၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် အခြားအထွေထွေ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ အမြဲမပြတ်ဖြည့်ဆည်းပေးလျက်ရှိပြီး ထိုက်သင့် သည့်ချီးမြှင့်မှုများနှင့် လိုအပ်သည့်သက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိသားစု၏စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှုဖြစ်ပေါ် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဖော်ဆောင်ပေးသွားရန် အလေးထားမှာကြားလို ကြောင်း၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိမှုများ အားကောင်းပါက စိတ်ဓာတ်သည် လည်း အလိုလိုအားကောင်း လာမည်ဖြစ်ကြောင်း။
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိဝင်ငွေနှင့်ထွက်ငွေကို မျှတစွာသုံးစွဲတတ်ရန် လိုအပ်ပြီး တာဝန်ရှိသူများကလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ခြိုးခြံချွေတာရန် လိုအပ်သကဲ့သို့ မလိုလားအပ်ဘဲ အပိုကုန်ကျနိုင်မည့် အပျော်အပါး၊ လောင်းကစားမှု ဆိုင်ရာကိစ္စစသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အရာရှိ၊ စစ်သည်၊ မိသားစုများ လိုက်နာရန်လိုအပ်ကြောင်း။
တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိပြီး ပညာရည်မြင့်မားစေရေးအတွက် လိုအပ်သည်များ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘများအနေဖြင့် လည်း စစ်သည်များ၊ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင် ရွက်ကြရန်၊ တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ KG+9 တက်ရောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့ ဆက်လက်တက်ရောက် နိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်း များရရှိအောင် စီမံဆောင်ရွက်ပေးကြရန် လိုကြောင်း။
တပ်မတော်သားများသည် သစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့် တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များကိုအသုံးချ၍ ပြည်သူက အားကိုးရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်၍ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းကာလိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူးနှင့်တပ်နယ်မှူးတို့က လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်များရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးနှင့် တပ်နယ်မှူး၏ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် တပ်မတော်ကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်း တွင်လည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် စိုက်ပျိုး/မွေးမြူရေးဇုန်အတွင်းရှိ နို့စားနွား၊ အသားတိုးနွား၊ DYL ဝက်၊ ငါး၊ ဥစားကြက်၊ အသားစားကြက်၊ ကာကီကင်းဘဲများ၊ ဒေသကြက်များမွေးမြူထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။












