ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတများဖြစ်ကြ သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး ထွန်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တက်ရောက်ကြသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်
ဦးစွာ နိုင်ငံတော်သမ္မတ က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်း အဝေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဆုံး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည် ဟု ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကျင်းပပြုလုပ်စဉ် မိမိအနေဖြင့် ပြောကြား ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝ များဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုဆောင်ရွက်ရာတွင် PDF အမည်ခံ အကြမ်းဖက်သမားများနှင့်ပတ်သက်သည့် အပိုင်းနှင့် EAO များနှင့် ပတ်သက်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိကြောင်း။
PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါအချိန်တွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အစိုးရအဖွဲ့အနေဖြင့် ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင့် တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ တော်တာဝန် ထမ်းဆောင်ခဲ့ရမှုအပေါ် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ နိုင်ငံတော်တာဝန်များကို စတင်ထမ်း ဆောင်ချိန်တွင် ၎င်းတို့အနေဖြင့် ဆူပူဆန္ဒပြမှုများသာပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှုမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း။
ထိုသို့အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်းမှာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်း အားနည်းမှုနှင့် ပြည်တွင်းပြည်ပမှ လှုံ့ဆော် သွေးထိုးမှုများကို တွန်းလှန်နိုင်သည့် အသိအမြင်အားနည်းမှုများကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပွဲလန့်တုန်းဖျာခင်းလိုသည့် အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေများသို့ရောက်ရှိကြပြီး ပြည်ပမှထောက်ပံ့မှုများဖြင့် အကြမ်းဖက်သင်တန်းများတက်ရောက်ခြင်း၊ လက်နက်ခဲယမ်းများဝယ်ယူခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အချို့သော နယ်မြေဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့အနေဖြင့် နိုင်ငံတော်၏သဘောထားနှင့် တပ်မတော် ၏ သဘောထားအမှန်များကို နားလည်သဘောပေါက်လာကာ ဥပဒေ ဘောင်အတွင်း သို့ တဖြည်းဖြည်းဖြင့် ဝင်ရောက်လာခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယခု အခါ မိမိတို့အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်နှင့်အညီ ဆက်လက်လျှောက်လှမ်းလျှက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အတွက် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ပါဝင်လာရေး ဆောင်ရွက်သွားရန်လိုကြောင်း။
အလားတူ EAO အဖွဲ့များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များရှိသကဲ့သို့ လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် အဖွဲ့များလည်းရှိကြောင်း၊ ပြီးခဲ့သည့် ကာလ များအတွင်း မိမိတို့နှင့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီး နှစ်ဖက်သဘောတူညီချက်များရရှိခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်များကိုပြည်ထောင်စုလွှတ်တော်တွင်ထည့်သွင်းဆွေးနွေး အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသည်များရှိပြီး အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏အကျိုးအတွက် လက်နက်ကိုင်၍ ဆောင်ရွက်နေခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားများမြှင့်တင်
တစ်ဆက်တည်းတွင် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအား မြှင့်တင်ရေးကိုဆက်လက် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော် လည်း မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ ပါဝင်ဖြေရှင်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများ တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်က ဖြေရှင်း ဆောင်ရွက်သည်ကိုတွေ့ရှိနိုင်ကြောင်း။
ရဲတပ်ဖွဲ့ဝင် နယ်မြေထိန်းသိမ်းသည့်ရဲတပ်ဖွဲ့ (Armed Force Police) နှင့် ဥပဒေ စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသည့်ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ နှစ်မျိုးရှိ ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့်ပဋိပက္ခနှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှု များစွာရရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားမည် ဆိုပါက ရဲတပ်ဖွဲ့ဝင်များ၏စွမ်းပကားများ ယခုထက်ပိုမို တိုးတက်လာမည်ဖြစ် ကြောင်း၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားတည်ဆောက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
ယခုမိမိတို့ တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအား များမြှင့်တင်ပေးသွားရန်လိုကြောင်း၊စည်းကမ်းပိုင်းဆိုင်များနှင့်ပတ်သက်၍ ကောင်းမွန် သည့်အကျင့် (Good Practice) များရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သွားလာနေထိုင်မှုနှင့် ဝတ်စားဆင်ယင်မှုများ စည်းကမ်းများကောင်းမွန် ရန်နှင့် အဂတိတရားကင်းရှင်းမှုများရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျ လေ့ကျင့်ဆောင်ရွက်
အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပြည်သူများနှင့် အဓိကထိတွေ့ ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထား ရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးအခြေခံ သဘောတရားများကို သိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်ကြရန်လိုကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဂတိများကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေး သွားရန်လိုကြောင်း။
အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်လျက်ရှိ
အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွား မည်ဟု မိမိသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံဘုံသဘောတူ ညီချက်(၅) ရပ် ပါအချက်များတွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အခြားအချက်များကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ လူမှုကွန်ရက်တွင် ဖော်ပြထားသည့် မှားယွင်းသော သတင်း အချက်အလက်များကိုအခြေခံပြီး မိမိတို့အပေါ် ဖိအားပေးလုပ်ဆောင်နေခြင်းများ လည်းရှိကြောင်း၊ အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပြင်ဆင်လိုကြသည်များ လည်းရှိ ကြောင်း၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင်ရွက်နိုင်ရေး မိမိတို့ အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တက်ရောက် လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
တက်ရောက်လာကြသူများက ဆွေနွေးတင်ပြ
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက အာဆီယံဘုံသဘောတူညီချက် (၅) ရပ် နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ အာဆီယံအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိမှုနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထား အမြင်များ ပြောင်းလဲထားရှိလာမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အရည်အချင်းရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်ပေါ်လာ စေရေး၊ စီမံခန့်ခွဲမှုစွမ်းရည်များ တိုးတက်ကောင်းမွန်စေရေးတို့အတွက် စွမ်းရည် မြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးသွားရန် လိုအပ်မှုတို့ကိုလည်းကောင်း ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး အတွက် နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ထားရှိမှုနှင့်ပတ်သက်၍ လွှတ်တော်စင်မြင့်တွင် ထည့်သွင်း ဆွေးနွေးသွားမည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး အတွက် အားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေ များ၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံလွှတ်တော်အချင်းချင်း တွေ့ဆုံဆွေးနွေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်မြေဒေသအလိုက် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေ စိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် သွားမည့် အခြေအနေများ၊ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များအနေဖြင့် ဥပဒေ ဘောင်အတွင်းသို့ စဉ်ဆက်မပြတ် ဝင်ရောက်လာနေမှုအခြေအနေများ၊ နယ်မြေဒေသ အလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်ခဲ့သူများအား တိုင်းစစ်ဌာန ချုပ်များအလိုက်ဂုဏ်ပြုပေးခဲ့သည့် အခြေအနေများကိုလည်းကောင်း။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် များကိုထမ်းဆောင်ရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြည်သူ့စစ်မှုထမ်းသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက် လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်မောင်ဆွေက အချို့သောအာဆီယံ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအပေါ် အပြုသဘောဆောင်သည့် ရှုမြင်သုံးသပ်ချက်များအား တွေ့မြင်ရရှိလာမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အကြံပြု တင်ပြချက်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း အမှုအခင်းများဖြစ်ပွားခဲ့မှုနှင့်ယခင်ကာလတူ နှိုင်းယှဉ်သုံးသပ်တင်ပြချက်များ၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေဒေသလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များ တိုးတက်ဖွဲ့စည်းနိုင်ခဲ့မှု၊ မူးယစ်ဆေးဝါးများ စိစစ် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့မှု၊ ရပ်ကွက်၊ ကျေးရွာများ အလိုက်အုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်များတိုးတက်လာစေရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အချို့သောနယ်မြေဒေသများ၌ ယာယီနေရပ်စွန့်ခွာနေရသူများအား ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိမှုနှင့် ယာယီခိုလှုံရေးစခန်းများအား အပြီးတိုင်ပိတ်သိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုတို့နှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြန်လည်သုံး သပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများ၏ ရှေ့မှောက်၌ အဆင့်မီမီကျင်းပနိုင်ခဲ့ပြီး ပေါ်ထွက်လာခဲ့သည့် ဒီမို ကရေစီအစိုးရတစ်ရပ်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့်ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းများနှင့် ပဋိပက္ခများကြောင့် နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာတွင် လောင်စာဆီအခက်အခဲများ ကြုံတွေ့ရလျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ပြည်တွင်းလောင်စာဆီ အခက်အခဲ၊ အကြပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန် ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့်လောင်စာဆီနှင့်သွင်းအားစုများ ရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်းဖြည့်တင်းထားရှိရန်လိုကြောင်း။
ယခင်နှစ်များအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုများနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် ဖိဖိစီးစီးကိုင်တွယ် ဖြေရှင်း တိုက်ဖျက်သွားကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက် ၍လည်း အဓိကထုတ်လုပ်နေသည့် နေရာများကို ဖော်ထုတ်ရှင်းလင်းတိုက်ဖျက် သွားနိုင်ရန်လိုကြောင်း။
နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) တွင် နိုင်ငံတော်သည်လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူများကို စောင့်ထိန်းသည် ဟုဖော်ပြပါရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြား ရေးမူဝါဒ အဓိပ္ပါယ်ဖော်ပြချက်များကို တိတိကျကျသိရှိနားလည်ထားကြရန်နှင့် ၎င်း အပေါ်တွင်ရပ်တည်၍ ဆက်ဆံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နယ်စပ်ဒေသများနှင့်ပတ်သက်၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့်ဆက်စပ်လျက်ရှိပြီး အရေးကြီးသည့်ကိစ္စရပ် တစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားမှသာလျင် ငြိမ်းချမ်းရေးတည် ဆောက်မှု ကိုလည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရောထွေးမှုမရှိစေရေး အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကွဲပြားစွာ သိရှိထား ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်း ရရှိသည်။



