နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့်  ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သား များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို နေပြည်တော်၊ ၂၀၂၆ ဧပြီ ၂၁

Tuesday, April 21, 2026 - 16:00

              နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်း ရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

              တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်း စစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို  နေ့မအားညမနားစွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တာဝန်ရှိသူများနှင့် တက် ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ဒုတိယတိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ အောင်ပွဲ ရရှေ့တန်းပြန်တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန်တပ်မတော် သားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိသည်။