နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၁ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ နေပြည်တော် ၊ ၂၀၂၆ ဧပြီ ၂၀

Monday, April 20, 2026 - 18:00

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၁ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ

နေပြည်တော် ၊ ၂၀၂၆ ဧပြီ ၂၀

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၁၁ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြ ရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့ များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာ နေထိုင်ရခြင်းနှင့်တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်း လာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်း စွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူ လူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၂ ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ၁ ဦး၊ မင်းလှမြို့မှ အမျိုးသား ၂ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၆ ဦး၊ စုစုပေါင်း အမျိုးသား (၁၁)ဦး တို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများအား အသိ ပညာပေး အမှာစကားပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA1သေနတ် ၁ လက်၊ MA3 သေနတ် ၂လက်၊ BA63သေနတ် ၁ လက်၊ M79 လက်လုပ်သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၅၂ တောင့်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ ၄၀မမဗုံးသီး ၁ လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူများအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၅၀နှုန်းဖြင့် ၄ လက် အတွက် ငွေကျပ် သိန်း ၂၀၀ ၊ လက်လုပ်သေနတ် ၁ လက်အတွက် ဆုကြေးငွေ ၅သိန်းကျပ် ၊ ဥပဒေဘောင် အတွင်းပြန်လည် ဝင်ရောက်လာသူ ၁ဦးလှျင် ၃သိန်း ကျပ်နှုန်းဖြင့် ၁၁ဦး အတွက် ၃၃ သိန်းကျပ် နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

            ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ နှင့် ၎င်းတို့၏ မိဘများထံမှ  စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။      PDF ထဲကိုရောက်ရှိလာတာ ရွာအနီးက လူတွေက ကျေးရွာကိုကာကွယ်ဖို့ အဲ့ဒီလို မျိုးဖွဲ့စည်းခြင်းမျိုးဖွဲ့စည်းမယ်ဆိုပြီး သွားရောက်ခြင်းဖြစ်တယ်။ ဆင့်ကဲဆင့်ကဲ အဲဒီမျိုး သူတို့ က ခိုင်းတယ်။ ညီတို့က အဲ့ဒီလိုမျိုး ဟာတွေမကြိုက်ဘူး။ လုံးဝ အပြစ်မရှိတဲ့ ပြည်သူတွေ အပေါ်ကို နိုင်ထက်စီးနင်း အဲ့ဒီလိုမျိုးပြောတာတွေကို ညီတို့က လက်မခံနိုင်ဘူး။ အဲဒီလိုမျိုး  တွေလည်း မကြိုက်ဘူး။ သူတို့ခေါင်းစဉ်တပ်ထားတာ ပြည်သူ့ကာကွယ်ရေးဆိုပြီးတော့ ခေါင်း စဉ်တပ်ထားခဲ့တာ တကယ်တမ်းကျတော့ ခေါင်းစဉ်အလိုက်နဲ့ ဘာမှမသက်ဆိုင်တဲ့အတွက် ညီတို့လည်း ဆက်ပြီးတော့ သူတို့ဘက်မှာ ရပ်တည်ပေးနေစရာ အကြောင်းမရှိဘူး။ သူတို့ခိုင်း တာစေတာလုပ်ပြီးတော့ ညီတို့နေပေးစရာအကြောင်းမရှိတော့ဘူး။ ညီတို့က အသားလွတ် မြေစာပင် အသေခံရမှာ။ အလင်းဝင်ဖို့ စဉ်းစားခဲ့တာတော့ ကြာပြီ ဒါပေမယ့် မဝင်ရဲဘူး။ အရင် တုန်းကတော့ ဝါဒမှိုင်းတွေ မိထားတဲ့အတွက် ဒီအထဲကိုရောက်လို့ရှိရင် ဘယ်လိုမျိုးဖြစ်မလဲ။ စပြီးထွက်လာကတည်းက နည်းနည်းတော့ တုန်လှုပ်တာပေါ့။ ကျွန်တော်တို့ အမှားလုပ်ခဲ့တာ ကို ခွင့်လွှတ်ပေးပြီးတော့ နွေးထွေးစွာပြန်လည်ကြိုဆို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အမြင်မှန် အမြန်ဆုံးရပြီးတော့ ဝင်စေချင်တယ်။ သူတို့လည်းဝင်ဖို့ ဆန္ဒတွေတော့ ရှိတယ်။ ဒါပေမယ့်သူတို့က အကြောက်တရားလေး နည်း နည်းရှိနေသေးတယ်။ မေးလာခဲ့ရင် ပွင့်ပွင့်လင်းလင်းပဲပြောမှာ ဒီဘက်ကဘယ်လိုထားတယ်။ ဘယ်လိုအဆင်ပြေအောင် လုပ်ပေးခဲ့တဲ့အကြောင်းတွေ ပွင့်ပွင့်လင်းလင်း‌ ပြောပြပြီးတော့ခေါ် ချင်တယ်။

၂။       ရွာမှာ အဲ့ဒီလို ကိုယ့်ကို စည်းရုံးတဲ့အချိန်မှာ သူတို့ရဲ့ ပြောတဲ့စကားတွေကို ယုံပြီးတော့ ကျွန်တော်ပါသွားခဲ့တာ။ ပြန်ဝင်လာဖြစ်တဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့လူငယ် တွေ မြေစာပင်ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ကတော့ အလကားနေ အလကား အသေမခံနိုင်ဘူး။ သူတို့ကောင်းစားဖို့အတွက်တော့ ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုတဲ့ အနေနဲ့ ပဲ ကျွန်တော်တို့ ပြန်ဝင်လာခဲ့တာပါ။ ကျွန်တော်တို့ ဒီဘက်ကိုရောက်လာတော့ သူတို့ပြောတဲ့ ဟာတွေနဲ့ အရမ်းကွာခြားလွန်းတယ်။ ဒီဘက်မှာဆို ညီအစ်ကိုလိုသွားလာတယ်။ တော်တော် လည်းပျော်ပါတယ်။ နောက်ထပ်လာမယ့် ညီအကိုတွေကို လာခဲ့ပါလို့ပဲဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဒီမှာ မိသားစုလို နွေးနွေးထွေးထွေးနဲ့ မိသားစုနဲ့ ကောင်းကောင်းမွန်မွန် နေရပါ တယ်လို့ ပြောချင်ပါတယ်။