ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
အစိုးရအဖွဲ့အနေဖြင့်ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား ထည့်သွင်းပြောကြား
နေပြည်တော်၊ ဧပြီ - ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ကြသည်။
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီး
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်း အဝေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဆုံးအစည်းအဝေးဖြစ်ပြီး ၅ နှစ်တာကာလ အတွက် လုပ်ဆောင်ရန်လိုအပ်သည်များကို ပြောကြားလိုကြောင်း၊ အဓိကအားဖြင့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်တွင် မီဒီယာများ၏မေးမြန်းမှုအပေါ် မိမိအနေဖြင့်ပြန်လည်ဖြေကြားရာ၌ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုရရှိရေးကိုအလေးထား၍ ဦးစားပေးဆောင်ရွက်သွားမည် ဟုပြောကြားခဲ့ ကြောင်း၊ အလားတူ ပြည်သူများအား မှာကြားလိုသည်ကို မေးမြန်းခဲ့ရာ မိမိအနေဖြင့် တိုင်းပြည် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေကြရန်နှင့် အလုပ်လုပ်ကြရန်တိုက် တွန်းလိုပါသည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း။
တိုင်းပြည် တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ဆိုသည့် အချက်အပေါ်မူတည်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတိုင်းရှိ ပြည်သူပြည်သားများအနေဖြင့် ၎င်းတို့၏အကျိုးကို ဖော် ဆောင်ပေးနိုင်မှုအပေါ်ကိုကြည့်၍ အစိုးရအဖွဲ့၏ တိုင်းပြည်အတွက် ဆောင်ရွက်မှု များကို ကြည့်ရှုကြခြင်းဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် အစိုးရအဖွဲ့ကို ပါတီစုံဒီမို ကရေစီစနစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက် ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက်တာဝန်ရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် တစ်ဦးချင်း စီးပွားဘဝများတိုးတက်ရေး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပညာရေးနှင့် ကျန်းမာရေးသည် အရေးကြီးကြောင်း။
မိမိတို့နိုင်ငံ၏ပညာရေးကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီးကြည့်နိုင်ကြောင်း၊ လွတ်လပ်ရေးမဆုံးရှုံးမီကာလက စနစ်တကျသင်ကြားသည့် ပညာရေးစနစ်အားနည်းခဲ့ ကြောင်း၊ ထိုအချိန်တွင်အခြားနိုင်ငံများ၌ စနစ်တကျဖြင့်သင်ကြားသည့် ပညာရေး စနစ်ကို ကျင့်သုံးနေကြပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးပြီးချိန် နောက်ပိုင်း တွင်လည်း လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းနေရသဖြင့် ပညာသင်ကြားမှုများ အားနည်းချက်ရှိခဲ့ကြောင်း၊ အလားတူ လွတ်လပ်ရေးရရှိပြီးအချိန်တွင်လည်း နိုင်ငံရေး အရသဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးပြဿနာများကြောင့် ပြည်သူများပညာ သင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် ပညာရေးအားနည်းချက်များရှိခဲ့ ကြောင်း။
ထို့ကြောင့် နောက်ပိုင်းတွင် ပညာမတတ်သူပပျောက်ရေးအတွက် “အ”သုံးလုံး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ ထိုအချိန်တွင် ကျောင်းနေ ရာခိုင်နှုန်းမှာလည်း နည်းပါးခဲ့ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါအချိန်ကတည်းက လူများစုပညာရေးမှာ အားနည်းချက်များရှိခဲ့ကြောင်း၊ သို့သော် လူနည်းစုပညာရေးမှာ ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာအဆင့်မီသည့် ပညာရှင် များလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း သက်ဆိုင်ရာဘာသာ ရပ်များအလိုက် ကျွမ်းကျင်သည့် ပါရဂူဘွဲ့ရရှိသူများအထိ များစွာရှိကြောင်း၊ အချို့ ပါရဂူဘွဲ့များသည် ပြည်ပနိုင်ငံများမှရရှိခြင်းမဟုတ်ဘဲ ပြည်တွင်း၌ပင်အောင်မြင်သည့် ပါရဂူများဖြစ်ကြကြောင်း၊ အလားတူ ပြည်ပနိုင်ငံများ၌ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ရရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် လူအများစုပညာရေးများတိုးတက် လာစေရေးပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပြီး မြှင့်တင်ပေး ရန်လိုကြောင်း။
ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင် မနေရစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာမူလတန်း တက်ရောက် သင်ကြားမှုမရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကို ကောက်ယူရရှိခဲ့သည့် အချက်အလက်များအရ မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိသည်ကိုတွေ့ရှိနိုင်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် ပြောင်းလဲခဲ့ ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍတိုးတက်လာစေရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော် ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင် နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ပညာရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း။
ပညာရေးအားနည်းချက်များကြောင့် အသိပညာများအားနည်းပြီး ကျန်းမာရေး သည်လည်း အားနည်းသည်ကိုတွေ့ရကြောင်း၊ အလားတူ အတတ်ပညာများအားနည်း ခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု အားနည်းပြီး ဝင်ငွေနည်းပါး ကာ အာဟာရပြည့်ဝစွာစားသုံးနိုင်မှုမရှိသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏မျှော်မှန်း သက်တမ်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အား နည်းနေဆဲဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းများကို ပြန်လည်ဆန်းစစ်ကြည့်ပါက အဓိက အားဖြင့် စီးပွားရေးတိုးတက်မှုအားနည်းခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိခြင်း များမှ စတင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြုပြင်ဆောင်ရွက် သွားကြရန်လိုကြောင်း။
အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက် ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာ ကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာစေရေးနှင့် ခံယူချက်များကောင်းမွန်လာစေ ရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများမြင့်တက် လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်သွားကြ ရန်လို ကြောင်း။
ခေတ်အဆက်ဆက်တွင် စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြ သော်လည်း အချို့အခြေခံပညာကျောင်းများသည် သတ်မှတ်ထားသည့် အဆင့်အလိုက် စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိကြသည်ကို တွေ့ရကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန်လို ကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများအားလုံး သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်ပေးမှုများကြောင့်လူငယ်များ၏ အခြေခံစိတ်ဓာတ်များကောင်းမွန်လာ မည် ဖြစ်ကြောင်း၊“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်အတိုင်း မျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့် လူငယ်များကိုအခြေခံပညာ ကျောင်းများမှ မွေးထုတ်ပေးသွားရန်လိုကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် အခြေခံပညာ ကျောင်းများမှစတင်၍ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများ ဖြစ်ပေါ်လာသည့် အခါ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တွေ့ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအချိန်က ရွေးကောက်ပွဲ ရလဒ်အပေါ်ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေး အားနည်းချက် ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set) ကို မြင့်မားလာအောင် ဆောင်ရွက်သွားရန်လိုကြောင်း။
အလားတူ ကျန်းမာရေးကောင်းမွန်ရန်အတွက် ပြည်သူများအနေဖြင့် အာဟာရ ပြည့်ဝစွာဖြင့် စားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့စားသုံးနိုင်ရန်အတွက် နေ့စဉ်ဝင်ငွေများ ရရှိ နေရန်လိုကြောင်း၊ အလားတူဒေသအလိုက် အသား၊ ငါးများကို ဖူလုံစွာဖြင့် ထုတ်လုပ်နေရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံများ၊ တက္ကသိုလ်များကို ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အားလုံးက ကျယ်ကျယ်ပြန့်ပြန့်မျှော်တွေးဆောင်ရွက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေးကောင်းမွန် ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၃၁ ရာခိုင်နှုန်း ခန့်သည် မြို့ပြတွင်နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးခန့်သည် ကျေးလက်တွင်နေထိုင် ကြကြောင်း၊ ထိုအထဲတွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်ရေထွက်ကုန်လုပ်ငန်းများကို လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုမှာ ဒေသတွင်းနိုင်ငံများတွင်မြင့်မား သည်ဟု ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ ထိုအထဲတွင် ကျေးလက်နေပြည်သူ များ၏ ဆင်းရဲမွဲတေမှု ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင်ဆောင်ရွက်ပေးမှသာ ၎င်းတို့၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးကို မြှင့်တင်ပေးရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးသွား ရန်လိုကြောင်း။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များ ရရှိရေးအတွက် အခြေခံပညာအလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံဘာသာရပ်များသင်ကြားရေးကိုဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၌လည်း လူသားအရင်းအမြစ်ကောင်းများ ရရှိ ရေးနှင့် ပတ်သက်၍ အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများရရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆို ပါက ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့် ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကိုပိုမိုတင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများစွာရရှိနိုင် မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ဒေသအလိုက် ကုန်ထုတ် လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း။
စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများ ရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှဖြည့်ဆည်းပေး လျက်ရှိ ကြောင်း၊ သွင်းအားစုများတွင် လိုအပ်သည့် ရေများလုံလောက်စွာရရှိရေးအတွက် နေ ရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့အကျိုးအတွက်ဆောင် ရွက်ရမည့် စီမံကိန်းကြီးများကို အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် ပြည်သူများ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး (MSME) လုပ်ငန်းများသည် များစွာအရေးပါကြောင်း၊ အလားတူ သမဝါယမ စနစ်ဖြင့် ကုန်ထုတ်လုပ်မှုများကိုလည်း တိုးတက်အောင်ဆောင် ရွက်သွားရန် လိုကြောင်း၊ MSME လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်၍ ရသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်း အမြစ်များလိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ပြည်ပမှ ဝယ် ယူ၍ဆောင်ရွက်ခြင်းထက် ဒေသတွင်းမှထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ ကုန် ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင် ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် MSME လုပ်ငန်းများကို လေ့လာကြည့်မည် ဆိုပါက ဒေသတွင်းကုန်ကြမ်းများကို အသုံးပြုဆောင်ရွက်သည့် MSME လုပ်ငန်းများ သည် ပိုမိုတိုးတက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို နိုင်ငံတော်မှ ထုတ်ချေး ပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် လူသား အရင်းအမြစ်များရရှိစေရေးအတွက်လည်း သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော် သည့် သိပ္ပံကျောင်းများကို တက္ကသိုလ်၊ ကောလိပ်အဆင့်မြှင့်တင်ခြင်းနှင့် တက္ကသိုလ် များ၊ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေနိုင်မည့် Quick Win များကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည်မှာ အလုပ်လုပ်ရန် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ အနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဖြစ်ထွန်းပြီး ဝါကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းသည် စဉ်ဆက်မပြတ်သည့် ကွင်းဆက်ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုဖြစ်ပေါ်စေနိုင်သည့် စက်မှုကုန်ထုတ်လုပ်ငန်းပင်ဖြစ်ကြောင်း၊ ဝါထွက် ကုန်များမှတဆင့် ဝါ၊ ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ်လုပ်ငန်းများအထိ အဆင့်ဆင့် သော အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ အလားတူ သယံဇာတအများအပြားရှိပြီးဖြစ်သည့် ဝါး၊ ရာဘာ တို့ကို အခြေခံသည့် ကုန် ထုတ်လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားမည် ဆို ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ သရက်၊ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ ကျွဲကော တို့အပါအဝင် ဥယျာဉ်ခြံ မြေထွက်သီးနှံများကိုလည်း မိမိတို့အနေဖြင့် အဆင့်မြင့်ကုန်ထုတ်သီးနှံများ အဖြစ် ထုတ်လုပ်နိုင်အောင်ကြိုးစားဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ် စေနိုင်မည်ဖြစ်ကြောင်း။
တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်ကျသည့် စိုက်ပျိုးရေးလုပ်ငန်း နှင့် စနစ်ကျသည့်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသအတွက် လိုအပ်သည့် စားသောက်ကုန် များဖူလုံစွာရရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းစားသုံးမှု ဖူလုံမှုမှ တစ်ဆင့် နိုင်ငံတစ်ဝှမ်းလုံးဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သွားလာ ရေးခက်ခဲသည့်ဒေသများသို့ ရောက်ရှိစဉ် ဒေသခံများနှင့်တွေ့ဆုံ၍ အသား၊ ငါးများဈေးနှုန်းကြီးမြင့်ရခြင်းနှင့်ပတ်သက်ပြီးမေးမြန်းခဲ့ရာ၎င်းတို့အနေဖြင့် ဒေသတွင်း ၌ မွေးမြူရေးလုပ်ငန်းများအား ပြင်ပမှတိရစ္ဆာန်အစာများဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ၎င်းတို့အနေဖြင့် ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန် များ ဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲ တို့ကိုအခြေခံသည့် တိရစ္ဆာန်အစာများကို ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း၊ ယေဘူယျအားဖြင့်ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့် ရခြင်း ဖြစ်ကြောင်း။
ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်သဖြင့် နိုင်ငံတကာ မျက်နှာ စာတွင် ခေတ်နောက်ကျမကျန်ခဲ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကြိုး ပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံလူတန်းစားများ ပညာရည်မြင့်မားစေ ရေး၊ ပညာရည်မြင့်မားသူများအနေဖြင့် အိုင်တီနည်းပညာနှင့်ပတ်သက်၍ နိုင်ငံတကာ နှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ် သဖြင့် မိမိတို့၏လုပ်ဆောင်ချက်များအပေါ်တွင် အားပေးထောက်ခံကြသူများရှိသကဲ့သို့ ဝေဖန်ထောက်ပြပြောဆိုမည့် အတိုက်အခံ များသည်လည်းရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် အမှန်တကယ် ကြိုးပမ်းအလုပ်လုပ်ကြရန်၊ အဂတိကင်းစွာဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း။
တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မည်
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ ၏ အချို့သောနေရာဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျုးလွန်နေကြ သည်ကိုတွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှ ထွက်ရှိသည့် သစ်တောသယံ ဇာတများ၊ မြေပေါ် မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူ၍ ၎င်းတို့ ကိုယ်ကျိုးအတွက်အသုံးပြုနေကြ ကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲ တွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလာဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းကို ရွေးခြယ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီ နည်းလမ်းတကျပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရအနေဖြင့် နိုင်ငံတော်တွင်တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား တရားဥပဒေ အတွင်းသို့ ဝင်ရောက်လာစေရေး ဖိတ်ခေါ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ထို့နောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ပြောကြားရာတွင် “ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့၊ မှတ်ရလွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကရက် ၁၀၀ လို့သတ်မှတ်လိုက်ပေါ့။ ဇူလိုင် ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနက ပြောတဲ့ PDF နဲ့ပတ်သက် ပြီးတော့ PDF ကတော့ ကျနော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီး ရှိပါတယ်။ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေ အများကြီးပဲရှိတယ်။ လပခကတော့ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော် တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ။
EAO နဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် နှစ်ဖွဲ့ လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ပေါ့။ မနက်ဖြန်ကျရင် လည်း ကျွန်တော်တို့ကြေညာချက်တွေထုတ်မှာဖြစ်ပါတယ်။ ဒါလေး ကြိုပြီး ကျွန်တော် ပြောပါတယ်။ နောက်တစ်ခုက လက်မှတ်ရေးထိုးထားတာပေါ့ လက်မှတ်ရေးထိုးထား ပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် - KNU တို့၊ CNF တို့ ABSDF တို့ အဖွဲ့တွေ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင် လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက် လက်မှတ် ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲ့ဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးခြင်းမပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါ တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရ ဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ် လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီး တော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှား သွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံ တော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေး အရ လည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံး ချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ်။ ”
ယင်းနောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့်ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ်ပေးသွား မည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ တို့နှင့်ပတ်သက်၍ ၃ သိန်းအထိ လည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို ၂ သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့်ချေးပေး သွားမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံးစက်ကိရိယာချေးငွေနှင့်ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိတစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အနီးစခန်း လေဆိပ်အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန် နှစ်ဆ တိုးမြှင့်ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့်သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများ အားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့် တင်ပေး သွားမည်ဖြစ်ကြောင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတား ပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရထား လမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့် တင်ခြင်းများ ကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍ နှင့်ပတ်သက်၍ မိုဘိုင်း စခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ မိုဘိုင်းစခန်း ၉ ခု၌ 4 G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း၊ ဆိုလာ ရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း တို့ကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသန စွမ်းရည်မြှင့်တင် သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်း ပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကိုလည်း အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များ အကျင့်စာရိတ္တမြင့်မား စေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်ဝ သည့် ကျောင်းများ ဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ် နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများခန့်အပ်၍ ကျန်းမာရေး မြှင့်တင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါ ကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုကျောင်းများကိုလည်း သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက်ကောင်းအောင် ဆောင်ရွက်ရာ တွင် တစ်ဦးချင်း၏ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့်ပေါင်းစပ်၍ အကောင်း ဆုံးဖြစ်အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင် ရန်လိုကြောင်း၊ တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်သွားကြမည် ဟူသည့် စိတ်ဖြင့် ကြံစည်လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အထွေထွေဆွေးနွေးတင်ပြကြရာတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသည့် အမှာစာ များ၊ MoU ၊ MoA စာချုပ်များ၊ တင်ဒါခေါ်ယူခြင်းများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အသက် ၁၀ နှစ်ပြည့် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင် ရွက်ပေးမည့် အခြေအနေ၊ eID စာရင်း အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဧရာဝတီမြစ်ဆုံ အသိပညာပေးရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာ၌ အမှာစာများတင်ပြရာတွင် အချက်အလက်များ ခိုင်ခိုင်မာမာ တင်ပြကြရန်လိုကြောင်း၊ တင်ဒါများခေါ်ယူရာတွင်လည်း သတ်မှတ်ထား သည့် အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို ဦးစားပေးပြီး ထူထောင်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း။
ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအပြင် သဘာဝဘေး အန္တရာယ်နှင့် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အစိုးရအဆောက်အအုံ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများကို ပြန်လည်ထူထောင် ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ကြောင့် ပျက်စီးသွားသည့် နိုင်ငံ့ဝန်ထမ်း အိမ်ရာအဆောက်အဦများ အမြန်ဆုံးပြီးစီးအောင် ဆောင်ပေးကြရန်လိုကြောင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျ သုံးစွဲသွားကြရန်လိုကြောင်းမှာကြားခဲ့ပြီး အစည်းအဝေးကိုရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။


