ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၏ (၁၈)ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်မင်္ဂလာပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၉

Sunday, April 19, 2026 - 16:45

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၈) ကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ အခမ်းအနား သို့ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။         

ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေများအား သီရိမင်္ဂလာကမ္ဘာအေး စေတီတော်အတွင်း ရှင်လောင်း လှည့်လည်ကြပြီး တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာ ခန်းမ၌ ရဟန်းလောင်း ၃၉ ပါးနှင့် ရှင်သာမဏေလောင်း ၃၃ ပါးတို့ကို ဆံချမင်္ဂလာ ပြုလုပ် ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စမ်းချောင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိ ထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား သင်္ကန်း ဆီးပေး ကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် စမ်းချောင်းကျောင်းတိုက်တွင် ဒုလ္လဘ ရဟန်းလောင်း ၃၉ ပါးတို့အား ရဟန်းခံခြင်းဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စ များဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ကာ ဥပသမ္ပဒကံဆောင်မြင့်မြတ်သော ရဟန်းဘောင်အဖြစ်သို့ သွတ်သွင်းခြင်းတို့ကို ဆောင်ရွက်တော်မူကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာ တော်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား သိမ်ဆင်းဆက်ကပ် လောင်းလှူကြသည်။    

ထို့နောက် အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနားကို တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဆက်လက်ပြုလုပ်ရာ စမ်းချောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ ကြွရောက် တော်မူကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် စေတနာရှင်အလှူရှင်များ စမ်းချောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဝဏ္ဏသီရိ ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များ ရွတ်ပွား သရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူပြီးသံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် စမ်းချောင်းကျောင်းတိုက်ဆရာတော် က သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးဖြစ်သော ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေ များအား သမ္မောဒနိယ ဩဝါဒကထာ မြွက်ကြားသည်။ ယင်းနောက် ဆရာတော် ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမူအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။