မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၌ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းခြင်းနှင့် လိုအပ်သည့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၈

Saturday, April 18, 2026 - 16:15

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၌ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းခြင်းနှင့် လိုအပ်သည့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်နှင့် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တို့၌ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများ ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များက ယနေ့တွင် အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့် အကူအညီ ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ နေအိမ် ၃၇၅ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီး၍ နေအိမ် ၁၀ လုံး ပြိုကျပျက်စီးခဲ့ပြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ နေအိမ် ၆၃၉ လုံး ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ကျေးလက် ဆေး ပေးခန်း ၁ လုံးတို့ အမိုးလန်၊ ထိခိုက်ပျက်စီး၍ နေအိမ် ၅၇ လုံး ပြိုကျပျက်စီးခဲ့ကြောင်း နှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရပ်ကွက် များနှင့် ကျေးရွာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက သွားရောက်ကာ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အသုံးအဆောင် ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်း၊ လဲကျနေသောသစ်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ပြိုကျပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် အခြားလိုအပ်သည့် အကူအညီပေးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။