ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

Friday, April 17, 2026 - 16:15

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများရှင့် ၂၀၂၆ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်။

ယခုအချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံတော်ကြီးဟာ ပြည်သူများ လိုလားတောင့်တချက်နှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိပြီး နိုင်ငံတော်သစ်ကြီးကို စတင်တည်ဆောက် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ နိုင်ငံတော်သစ်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျတဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးတို့ကို ကျွန်မတို့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်ရှေ့ဆက်ရမယ့် ခရီးကိစ္စအဝဝအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဟာ အဓိကကျပါတယ်။ ဒါ့ကြောင့် ဒီနေ့ ကျွန်မတို့ ကြုံတွေ့နေရတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မိဘပြည်သူများအားလုံးက နိုင်ငံတော် ငြိမ်းချမ်း သာယာရေးကို အလေးထားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ဆက်လက်ပြီးတော့ ပြည်သူများ လိုအင်ဆန္ဒနဲ့အညီ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အတူတကွ လက်တွဲတည်ဆောက်ကြဖို့နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ငြိမ်းချမ်းသာယာတဲ့ လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပြီး ပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့ စည်းလုံးညီညွတ်သော အင်အား၊ ပြည်ထောင်စုစိတ်ဓာတ်တို့နဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ပေးကြပါ၊ နိုင်ငံနဲ့ လူမျိုးအကျိုးကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း အားလုံး နှစ်သစ်ကစပြီး ဘဝတစ်လျှောက်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ အေးချမ်းသာယာ ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။