မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တဝှမ်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့တကွ ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘေးရန်အပေါင်းမှ ဝေးကွာကြ ပါစေ၊ ကာယစိတ္တနှစ်ဖြာသော သုခတို့နဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း ဦးစွာ ပထမ နှုတ်ခွန်းဆက်မေတ္တာပို့သအပ်ပါတယ်။
ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာပြီဖြစ် တာကြောင့် နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို မိဘပြည်သူ များနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရသလိုပဲ အခုနှစ်သစ်မှာလည်း မိမိတို့အားလုံး စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယ၊ မလျှော့သောစွမ်းပကားတို့နဲ့ အောင်မြင်စွာ ဖြတ်သန်း နိုင်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် မူလဦးတည်ရည်မှန်းချက်အတိုင်း လွတ်လပ်ပြီး တရားမျှတမှု အပြည့်အဝရှိတဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ဂုဏ်သိက္ခာရှိရှိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါဟာလည်း ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင် ပြည်သူများရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်း လေးစားစွာမှတ်တမ်းတင် ပြောကြားလိုပါတယ်။
ယခုလိုထူးခြားတဲ့ နှစ်သစ်ကူး နေ့ထူးနေ့မြတ်အခါသမယမှာ ပြည်သူတွေလိုလား တဲ့ ဒီမိုကရေစီအစိုးရအသစ်နဲ့ လွှတ်တော်များဟာလည်း ပြန်လည်အသက်ဝင်လာပြီ ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါ တယ်။ ဒါ့ကြောင့် ကျွန်တော်ဦးဆောင်တဲ့ နိုင်ငံတော်အစိုးရသစ်အနေနဲ့ အခုနှစ်သစ် ကစပြီး တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမအားလုံးတို့ရဲ့ လိုအင်ဆန္ဒများနဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ ကတိသစ္စာပြုထားတဲ့အတိုင်း အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ နိုင်ငံနဲ့ပြည်သူအားလုံးအကျိုးကို သစ္စာရှိစွာနဲ့ ဦးထိပ် ပန်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက် သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့အစိုးရ အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကာကွယ် စောင့်ရှောက် သွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံရဲ့ အဓိကလိုအပ် ချက်ဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ပထဝီ အနေအထားနဲ့ သဘာဝအရင်းအမြစ်တွေအရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို နည်းလမ်းတကျဆောင်ရွက်ပြီး ထုတ်ကုန်များကို တိုးမြှင့်ကြဖို့ လိုအပ်ပါတယ်။ အဲဒီကတစ်ဆင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေအပေါ်မှာ အခြေပြုတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)တွေကို အားပေးမြှင့်တင်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖူလုံတဲ့အပြင် ပြည်ပကိုတင်ပို့နိုင်တဲ့အထိ ကုန်ထုတ် လုပ်မှုကဏ္ဍမြင့်မားအောင် ဆောင်ရွက်ကြမယ်ဆိုရင် တစ်ဦးချင်းကအစ နိုင်ငံတော် အဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ ခင်ဗျား
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် အဓိက လိုအပ်ချက်ကတော့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ် ပညာ မြင့်မားရေးပဲဖြစ်ပါတယ်။ ပညာရည် နိမ့်ပါးသူတွေနဲ့ နိုင်ငံတော်ကို တိုးတက်ဖို့၊ ရှေ့ဆက်လျှောက်လှမ်းဖို့ ခက်ခဲနေမှာဖြစ်တယ်ဆိုတာ ဒီနေ့ကြုံတွေ့နေရတဲ့ ဖြစ်စဉ်တွေက သက်သေပြနေတာအားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်နိုင်ငံ အတွက် အင်အားသစ်တွေဖြစ်တဲ့ ကျောင်းသား ကျောင်းသူ လူငယ်များဟာ ပညာရေး၊ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကောင်းမွန်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း စတဲ့ဗလ ငါးတန်နဲ့ ပြည့်ဝကြဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံ့ရှေ့ရေးဟာ ဘက်စုံပြည့်ဝထူးချွန်တဲ့ လူတော်လူကောင်း လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့ အများကြီးပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ တစ်ဦးချင်းကအစ တစ်မျိုးသားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ကြံ့ခိုင်ရေးနဲ့ အတွေးအခေါ်အယူအဆ ဆင်ခြင်တုံတရား ပြည့်ဝဖို့ အလွန်အရေးကြီး ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း အဲဒီအခြေခံဖြစ်တဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍကို ဆက်လက်မြှင့်တင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီနေ့လူငယ်တွေကို အတတ်ပညာသာမက အသိပညာပါ ထက်မြက်ပြီး အနာဂတ်အတွက် အားကိုးအားထားဖြစ်နိုင်မယ့် ဘက်စုံထူးချွန်သူများဖြစ်အောင် မိဘများ၊ ဆရာ ဆရာမများနဲ့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင် ပေးကြပါလို့ အလေးအနက်ထား မှာကြားလိုပါတယ်။
နောက်တစ်ချက်ကတော့ ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်း ပြည်ပ ပယောဂများနဲ့ အဖျက်အမှောင့်တွေရဲ့ အန္တရာယ်ကို သတိတရားနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေ့နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အဖျက်အမှောင့်တွေနဲ့ ဆူပူအကြမ်းဖက်မှုတွေရဲ့ အခြေခံဟာ ဒါပဲဖြစ်ပါတယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့ယုံကြည်ခံယူချက်နဲ့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူ အားလုံးဟာ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်တွေနဲ့ နိုင်ငံကိုတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” “ရေကိုသား၍ ကြားမထင်” ဆိုတဲ့ စကားတွေနဲ့အညီ ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်မှု အပြည့်အဝနဲ့ သာယာလှပတဲ့ နိုင်ငံတော်သစ်ကို စိတ်တူကိုယ်တူ တည်ဆောက်သွားကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ ခင်ဗျား
နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ကျွန်တော်တို့အားလုံး အတိတ်က ခါးသီးမှုအတွေ့အကြုံတွေကို သင်ခန်းစာယူပြီး သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီကို ညီညီညွတ်ညွတ် အတူတကွ လျှောက်လှမ်းကြဖို့ပြောကြားလိုပါတယ်၊ “စည်းလုံးခြင်း သည်အင်အား” ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံးဟာ စည်းလုံးညီညွတ်မှု ခိုင်မြဲ နေမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးမဆို ကျော်ဖြတ်အောင်မြင်နိုင်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း အနာဂတ်နိုင်ငံတော်အတွက် မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးကြောင်းနဲ့ ကျွန်တော့်အနေနဲ့ များစွာတန်ဖိုးထားမျှော်လင့်ပါကြောင်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဟန်ချက်ညီစွာနဲ့ မေတ္တာတရား လက်ကိုင်ထားလျက် ခရီးဆက်နိုင်ကြပါစေကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာ သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုးမြှင့်ထမ်းဆောင် နိုင်ကြပါစေကြောင်းနဲ့ အန္တရာယ်ဟူသမျှ ကင်းဝေးကြပါစေကြောင်း နှစ်သစ်အခါသမယ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
