မဟာသင်္ကြန်အတက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၆

Thursday, April 16, 2026 - 17:00

မဟာသင်္ကြန်အတက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၆

          မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဖြစ်သည့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာရိုးရာယဉ်ကျေးမှုရိုးရာ အစဉ် အလာများနှင့်အညီ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပဆင်နွှဲလျက်ရှိကြသည်။

          နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် တိုင်းစစ် ဌာနချုပ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲများကို ဆက်လက် ဆင်နွှဲ ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ အတာ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများနှင့် တေးသံရှင်များ၏ တေး သီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

          ထို့ပြင် အတာရေသဘင်မဏ္ဍပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးမှုများကို ကြည့်ရှုအားပေးကြပြီး သင်္ကြန်ချစ်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

          အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ မြန်မာ့ရိုးရာအစဉ် အလာနှင့်အညီ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များ၌လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထို့ပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံ ကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲ ခဲ့ကြကြောင်း သတင်းရရှိသည်။