ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေး   နေပြည်တော်    ဧပြီ    ၁၆

Thursday, April 16, 2026 - 17:00

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေး  

နေပြည်တော်    ဧပြီ    ၁၆

          ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၁၅ ရက် နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေး ပုဂ္ဂိုလ် H.E. Mr. Anton Kobyakov အား သွားရောက်တွေ့သည်။

            တွေဆုံစဉ်  မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်၏ စာမျက်နှာသစ်ဖွင့် လှစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက် လာစေ ရေးအတွက်  ရုရှားနိုင်ငံ၏ အကြံဉာဏ်၊ နည်းပညာအကူအညီအထောက်အပံ့များ ရယူဆောင် ရွက်သွား လိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင် ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွှန် လွှာလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွား မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Sergei Tsivilev နှင့် တွေ့ဆုံဆွေးနွေးသည်။

            တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာနိုင်ငံအသီးသီးတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့အကျပ် အတည်း အခက်အခဲများဖြစ်ပေါ်နေချိန်တွင် ရုရှားနိုင်ငံသည် သိသာစွာထိခိုက်မှုမရှိဘဲ ပုံမှန်အနေအထား ဖြင့် ရပ်တည်လျက်ရှိသည့်အတွက် ရုရှားနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအစီအမံများကို များစွာ အားကျ အတုယူရကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ လုံခြုံရေးနှင့် ဖူလုံရေးတို့ အတွက် ရုရှားနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် စွမ်းအင် ကုန်သွယ်မှုအတွက် အရှေ့တောင်အာရှနိုင်ငံများဘက်သို့ တိုးမြှင့်ဆောင်ရွက်လာချိန်တွင် မြန်မာနိုင်ငံ၏ တည်နေရာအနေအထားသည်  Energy Hub အဖြစ် အသုံးပြုဆောင် ရွက်သွားရန် အထူးသင့်လျော် ကောင်းမွန်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) မြန်မာနိုင်ငံသို့ ပို့ဆောင်၍  မြန်မာနိုင်ငံမှ တစ်ဆင့်  ပိုက်လိုင်းများကို အသုံးပြု၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့  ဆက်လက်တင်ပို့နိုင်ရေး ဆောင်ရွက် သွားလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှပ်နှံနိုင်ရေးဆောင်ရွက်ရန် အထူးသင့်လျော်ကြောင်း၊  ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို လျင်မြန်စွာ ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားသည်။

            ထို့နောက် ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကဏ္ဍ တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်အတွက် ဦးဆောင်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် Energy Hub အနေဖြင့် ဆောင်ရွက်ရန် အတွက် အနေအထားများ ပြည့်စုံကောင်းမွန်သဖြင့် ဆောင်ရွက်သွားလိုပါကြောင်း၊ ရုရှားစွမ်းအင်ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် နား လည်မှု စာချွှန်လွှာ(MOU)အမြန်ဆုံး ရေးထိုးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားကြောင်း ဆွေးနွေး ပြောကြားသည်။         

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဌ H.E. Mr.Sholban KARA-OOL အား သွားရောက် တွေ့ဆုံ သည်။

            တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့ အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက် သွားလို သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း များအား ရုရှားနိုင်ငံမှ ရေရှည် သဘောတူညီချက်ဖြင့် ဝယ်ယူနိုင်ရေးအတွက် ခိုင်မာသည့် ထောက်ပံ့ရေးလမ်းကြောင်း တစ်ခု တည်ဆောက်သွားလိုသည့် ကိစ္စရပ်များ၊ အရင်းအနှီးကြီးမားသည့် စီမံကိန်း များအတွက် ရုရှား နိုင်ငံမှ အထူးသက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများ ရယူဆောင်ရွက်နိုင်ပါက စီမံကိန်းလုပ်ငန်းများအား ပိုမိုမြန်ဆန်စွာဆောင်ရွက်သွားနိုင်မည့် အခြေအနေကို ဆွေးနွေးပြောကြားသည်။

            ယင်းနောက် ဒူမားလွှတ်တော်ဥက္ကဌက မိမိတို့အနေဖြင့် စာချုပ်စာတမ်းများပြုလုပ်ရာတွင် လိုအပ် သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ(MOU) ရေးထိုး နိုင်ခြင်းသည် အလွန်ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဝမ်းသာဂုဏ်ယူမိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကိုအခြေခံပြီး ဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းကို မှာကြားထားပြီးဖြစ်ကြောင်း၊ အဆွေတော်၏ ဆွေးနွေးမှုများကို နိုင်ငံတော်အကြီးအကဲများထံ တင်ပြ ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်လည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ရုရှား-မြန်မာ-တရုတ် သုံးနိုင်ငံစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင် ရေးသည် အလွန်အရေးကြီးသဖြင့် မိမိတို့ဘက်ကလည်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံပြည်သူများ အေးချမ်းသာယာရေးအတွက် မိမိတို့ရုရှား နိုင်ငံအနေဖြင့် လိုအပ်သည့် အကူအညီများပေးအပ်ရန် အသင့် ရှိကြောင်း ဆွေးနွေးပြောကြားသည်။