မဟာသင်္ကြန်အကြတ်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၅

Wednesday, April 15, 2026 - 16:30

မဟာသင်္ကြန်အကြတ်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၅

          မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဖြစ်သည့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာရိုးရာယဉ်ကျေးမှုရိုးရာ အစဉ် အလာများနှင့်အညီ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပဆင်နွှဲလျက်ရှိကြသည်။

          ယနေ့မဟာသင်္ကြန်အကြတ်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ် များဖြစ်သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်တို့၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာအတာ သင်္ကြန်ဗဟိုမဏ္ဍပ်၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးတပ်နယ်အတွင်းရှိ အတာရေကစားမဏ္ဍပ်၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာမဟာသင်္ကြန်မဏ္ဍပ်နှင့်  ကလောတပ်နယ်၊ ဖယ်ခုံတပ်နယ်၊ အောင်ပန်းတပ်နယ်၊ ဗထူးတပ်နယ်နှင့် လွိုင်ကော်တပ်နယ်တို့ရှိ မိသားစုရေကစားမဏ္ဍပ်များ၌လည်းကောင်း၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ် ဗဟိုမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ ဗဟိုမဏ္ဍပ်တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာ သင်္ကြန်မဏ္ဍပ်၊ ကျိုင်းတုံတပ်နယ်၊ မိုင်းခွန်တပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့ရှိ ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာ အတာသင်္ကြန် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ မြိတ်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည်ရေကစားမဏ္ဍပ်နှင့် မြိတ်လေတပ်စခန်းဌာနချုပ် ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ မိသားစုမဟာ သင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ နိဗ္ဗာန်ဈေးပွဲတော်နှင့် ပုသိမ်ရေတပ် စခန်းဌာနချုပ်ရေကစားမဏ္ဍပ်တို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတာရေသင်္ကြန်မဏ္ဍပ် ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူ ဖျော်ဖြေရေးမဏ္ဍပ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ မန္တလေး မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မင်္ဂလာမန္တလေးမြန်မာ့ရိုးရာလမ်းလျှောက်အတာ သင်္ကြန် မဏ္ဍပ်နှင့် ကျုံးပတ်လည်ရှိ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် အုတ်တွင်း တပ်နယ်ရှိ အတာသင်္ကြန်မဏ္ဍပ်များ၌လည်းကောင်း အတာရေသဘင်ပွဲများကို ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများနှင့် တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကိုကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။

          ထို့ပြင် အတာရေသဘင်မဏ္ဍပ်အသီးသီး၌ ရေသဘင်ပွဲဆင်နွှဲကြသူများအား အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး မှုများကို ကြည့်ရှုအားပေးကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ အတာရေ သဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုရေကစားမဏ္ဍပ်၊ စိန်ပန်းမဏ္ဍပ်နှင့် မန်ကျည်းရိပ် မဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက် ရှိပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်များ ၌ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။