တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်
နေပြည်တော်၊ အေပြီ - ၁၃
သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ ခြင်း၊ ကူးပြောင်းခြင်း” ဟုအနက်အဓိပ္ပါယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်း ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာ စေရန် ရည်သန်၍ ရေစင်ရေသန့်တို့ ဖြင့် ပက်ဖျန်းလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်း ဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို အေးမြစေကြောင်း ရေပက်ဖြန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့် သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြပါသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါ သမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။
ထိုသို့ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာ သင်္ကြန်ဗဟိုမဏ္ဍပ်၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နှစ်ဦးအားမာန် နေဝန်းနီသင်္ကြန်အတာရေးကစားမဏ္ဍပ်အားလည်းကောင်း၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ် ဗဟိုမဏ္ဍပ်နှင့် နမ့်စန်တပ်နယ် ဗဟိုမဏ္ဍပ်တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာ သင်္ကြန်မဏ္ဍပ်၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာ အတာသင်္ကြန် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ မြိတ်မြို့ မြန်မာ့ ရိုးရာမဟာင်္ကြန် ဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၊ ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ် ပုလဲရွှေပြည်ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၏ မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်တို့၌ လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် စစ်တွေတပ်နယ်မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ မုံရွာမြို့ ဗဟိုမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ် တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော်မဟာ သင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမဟာသင်္ကြန်မဏ္ဍပ်တို့၌ လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ လည်းကောင်း အသီးသီးပြုလုပ်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစားခြင်း တို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။













