သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထိုက်တန်စွာချီးမြှင့်ပေးအပ် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁

Saturday, April 11, 2026 - 18:45

‌         “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲ ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့ အကောင်အထည်ဖော်ခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူစစ်မှုထမ်းအမှတ် စဉ် (၁/၂၀၂၄)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာပါဝင်စာရင်းပေးပြီး တာဝန် ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်း ကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်  နိုင်ငံ့သားကောင်း ပြည်သူ့ စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတ်မှတ် စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှု ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာ စကားများ အသီးသီးပြောကြားကြပြီး တာဝန်ကျေပွန်စွာ စစ်မှုထမ်းဆောင်၍ သတ်မှတ် စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး နိုင်ငံ့ သားကောင်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ၎င်းတို့၏ ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသောတာဝန်များကို ဂုဏ်ယူ စွာထမ်းဆောင်ခဲ့ကြသူများအဖြစ် ကမ္ဗည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ် လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့ မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းများ သည် စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်း‌ဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်(သို့) အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ် သည်။ ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများကို အလုပ်အကိုင် ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ် ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက် ၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်ကြသည်များလည်းရှိကြကြောင်း သိရှိရသည်။

ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်ကာလ ပြည့် မြောက်ခဲ့ကြသည့် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် နိုင်ငံတော်အတွက်  နိုင်ငံ့သားကောင်းများပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအကြား ယုံကြည်မှုနှင့် တာဝန်သိမှုကိုဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများနှင့် သင်တန်း တက်ရောက်နေဆဲဖြစ်သည့်ပြည်သူ့စစ်မှုထမ်းများနှင့်နောင်လာနောင်သားမျိုးဆက်သစ် လူငယ်လူရွယ်များအတွက်လည်း စံနမူနာကောင်း တစ်ခုပင်ဖြစ်သည်။

သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့်  နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။

၁။  ကျွန်တော် ပြည်သူ့စစ်မှုထမ်းထဲဝင်ရောက်ရတဲ့အကြောင်းအရင်းကတော့ ဥပဒေပြဋ္ဌာန်းလိုက်က တည်းက ရည်ရွယ်ချက်လေးတွေရှိတော့ ရည်ရွယ်ချက်လေးတွေ ပြည့်မြောက်ချင်လို့ ဝင်လာခဲ့တာပါ။ နှစ် နှစ် ကာလမှာလည်း တွေ့ကြုံခဲ့ရတာတော့ စစ်သားတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ သူတို့ဘယ်လိုကျော်ဖြတ် နေရတဲ့ဟာတွေကို ကျွန်တော်တို့ သိခဲ့ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့နဲ့ ပူးပေါင်းပြီးတော့ နှစ် နှစ်တာကာလ ပြီးဆုံးတဲ့အထိ ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ ဒီကာလပြီးတော့ နောင်ဝင်လာမယ့် လူငယ် တွေကိုလည်း ဘာပြောချင်လည်းဆိုတော့ ကိုယ်တိုင်ကြိုးစားကြည့်ပါ။ ဘေးစကားတွေကို မယုံပါနဲ့ ။ ကိုယ်တိုင် လုပ်ကြည့်မှ ကိုယ်တိုင်သိမှာပါ။ မည်သည့်အရာမဆို ကိုယ့်စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ ဝင်စေချင်တယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။

၂။         ကျွန်တော့်ရဲ့ အသိစိတ်ဓာတ်နဲ့ ကျွန်တော့်ရည်ရွယ်ချက်နဲ့ ဘယ်သူမှ မတိုက်တွန်းပဲ ကျွန်တော့်ကို ကျွန်တော် ယုံယုံကြည်ကြည်နဲ့ ဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်အခုလို စစ်သားတစ် ယောက်ဖြစ်ရတဲ့ စစ်ပညာတွေသင်ကြားရတဲ့အတွက် ကျွန်တော့်ကိုကျွန်တော် အများကြီးဂုဏ်ယူမိတယ်။ မြန်မာနိုင်ငံမှာနေရင်တော့ မြန်မာနိုင်ငံကထုတ်တဲ့ ဥပဒေကိုတော့ လိုက်နာရမှာပဲ။ စစ်မှုထမ်းအပတ်စဉ် ထပ် လာမယ့် ညီငယ်လေးတွေကိုလည်း ဘာမှမစိုးရိမ် မကြောင့်ကြဘဲနဲ့ ကိုယ့်ကိုယ့်ကိုယ့် ယုံယုံကြည်ကြည်နဲ့ လာ ပြီးတော့ တာဝန်ထမ်းဆောင်ဖို့လည်း ကျွန်တော်က ဖိတ်ခေါ်ပါတယ်။