ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဧပြီ - ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် နိုင်ငံ တော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အိန္ဒိယ နိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တို့တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဦးစွာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အား နိုင်ငံတော်သမ္မတထံ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လက်ရောက်ပေးအပ်သည်။
ထို့နောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူလျက် ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်များထိစပ်လျက်ရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေး ရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှု အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍတွင် ရူပီးနှင့် ကျပ်ငွေတို့အား တိုက်ရိုက် ပေးချေ နိုင်ရေး သဘောတူညီပြီးဖြစ်သဖြင့် ကုန်သွယ်မှုများတိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းများအား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။