တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား (၁၂၆) ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၇
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၁၂၆ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာသို့ အရောက်၌ သွပ်မိုး၊ သွပ်ကာ၊ သုံးထပ်သားပြားခင်း အဆောင်များဖြစ်သည့် အလျား ပေ ၁၂၀၊ အနံ ပေ ၆၀ ရှိ အွန်လိုင်းလိမ်လည် လောင်း ကစားမှုများ လုပ်ဆောင်သည့် အဆောင် ၁ လုံး၊ အလျား ပေ ၂၀၀၊ အနံ ပေ ၆၀ ရှိ ချက်ပြုတ်/စားဆောင်အပါ လူနေအိပ်ဆောင် ၁ လုံးနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆောင် ၁ လုံး၊ အလျား ၃၅ ပေ၊ အနံ ပေ ၃၀ ရှိ စတိုဈေးဆိုင်အဆောင် ၁ လုံး၊ အလျား ပေ ၄၀၊ အနံ ၃၅ ပေရှိ ပစ္စည်း စတို ၁ လုံး၊ ပေ ၄၀ ပတ်လည် အိပ်ဆောင် ၂ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ဂိတ် ဝင်/ထွက်ဆောင် ၁ လုံးနှင့် အလျား ပေ ၆၀၊ အနံ ၅ ပေရှိ အိမ်သာအဆောက်အအုံ ၁ လုံး၊ စုစုပေါင်း အဆောက်အအုံ ၉ လုံးကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစား မှုလုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာ သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂၂ ဦးနှင့် အမျိုးသမီး ၃ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး၊ စုစုပေါင်း တရားမဝင်ပြည်ပနိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ် သော မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနှင့် မီးစက်ကြီး ၁ လုံး တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို လည်း စိစစ်ဖော်ထုတ်ကာ တရားဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံ သားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက် ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


































