တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင် မြှောက်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ( ၅၈၆ ) ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ( ၅၈၄ )ဦးတက်ရောက် ကြသဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ အစီအစဉ်များကို လွှတ်တော်သို့ အသိပေးကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အစည်းအဝေး တက်ရောက် မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး အတည်ပြုမှတ်တမ်း တင်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးပါဝင်သည့် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများ ဖြစ်ကြသည့် ဒုတိယ သမ္မတ ၃ ဦးအနက်မှ ဒုတိယသမ္မတ ၁ ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲ လက်မှတ်ပုံစံ(၁၀)ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေအရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရန် ဆန္ဒမဲပေးခြင်းကို မိမိအပါအဝင် နိုင်ငံတော်သမ္မတရွေးချယ်ရေးတင်မြှောက်အဖွဲ့ဝင်များ ဖြစ်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း နှင့် နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ဆန္ဒမဲပေးပုံပေးနည်းနှင့် ပယ်မဲအဖြစ်ဆုံးဖြတ်သတ်မှတ်မည့် ဆန္ဒမဲ လက်မှတ်တို့ကို လွှတ်တော်သို့ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များ၏ ရှေ့မှောက်၌ နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရန် ဆန္ဒမဲပေးပွဲတွင်အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ကို ရေတွက်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော် ရုံး ဝန်ထမ်းများထံမှ ဆန္ဒမဲလက်မှတ်များကို တစ်ဦးချင်းလက်မှတ်ရေး ထိုးထုတ်ယူကြ ပြီး သတ်မှတ်ထားသည့်နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲ လက်မှတ်များ ထည့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ၄၃၊ နည်းဥပဒေခွဲ (ဋ)အရ ကိုယ်စားလှယ်များကို ထုတ်ပေး ထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်တို့ ကိုက်ညီခြင်း ရှိ /မရှိကို နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ရေးအဖွဲ့ဝင်များရှေ့မှောက်၌ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ က ရေတွက်စစ်ဆေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၅၈၄ ဖြစ်ပြီး ယခု ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၅၈၄ ဖြစ်သည့် အတွက် ကိုက်ညီမှုရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၃၊ နည်းဥပဒေခွဲ (ဋ)၊ နည်းဥပဒေခွဲငယ် (င) အရ ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒပြုထား သည့် ဆန္ဒမဲလက်မှတ်များကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များ ရှေ့မှောက်၌ ဖွင့်လှစ်ပြီး သက်ဆိုင်ရာနည်းဥပဒေများနှင့်အညီ စိစစ်ရေတွက်ပြီး နိုင်ငံတော်သမ္မတ လောင်း တစ်ဦးချင်းစီရရှိသော ထောက်ခံဆန္ဒမဲ အများ၊ အနည်းအလိုက် အမည်စာရင်း ပုံစံ(၁၅) တွင် နိုင်ငံတော်သမ္မတ စိစစ်ရေးအဖွဲ့ဝင်များက လက်မှတ်ရေးထိုး မှတ်တမ်း တင်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က သမ္မတလောင်း တစ်ဦးချင်း ရရှိသည့် ထောက်ခံဆန္ဒမဲအများ၊ အနည်း အလိုက်အမည်စာရင်းကို ကြေညာရာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထောက်ခံဆန္ဒမဲ ၄၂၉ မဲ၊ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောက ထောက်ခံဆန္ဒမဲ ၁၂၆ မဲ၊ ရွေးကောက်ခံအမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဒေါ်နန်းနီနီအေးက ထောက်ခံမဲ ၂၉ မဲ အသီးသီး ရရှိကြသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်နာယက က ထောက်ခံဆန္ဒမဲအများဆုံး ရရှိသည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ကြောင်း ကြေညာ သည်။
ဆက်လက်၍ ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ဒုတိယသမ္မတများအဖြစ် ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က သမ္မတရွေးချယ်တင်မြှောက် ရေးအဖွဲ့ အစည်းအဝေး ပြီးဆုံးကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် တတိယနေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပ မည်ဖြစ်ကြောင်းကြေညာပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်



