စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အ

Wednesday, April 1, 2026 - 16:45

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား                                                      

နေပြည်တော်၊ ဧပြီလ - ၁

          စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

          အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ ယခုလက်ရှိအချိန်တွင် ဖြစ်ပွား လျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှားပါးမှုကို ကမ္ဘာနှင့်အဝှမ်းတွင်ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်း စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသုံးစွဲမှုနှင့် ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များကို ဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကိုနေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှလျှော့ချလာ နိုင်ပြီဖြစ်ကြောင်း။

          စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများ အလိုက်ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း၊ ထို့ကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် အဓိကလိုအပ်သည့် ဒီဇယ်ဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သယ်ယူပို့ဆောင်မှုများကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရေး အတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် မီးရထားဖြင့် ပို့ဆောင်မှုများကို အဓိကထားအသုံးပြု၍ ကုန်စည်များကို သယ်ယူပို့ဆောင်သွားကြရန် လိုကြောင်း။

          အလားတူယခုကာလအတွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အတူ ဒေါ်လာဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဒေါ်လာဈေးများမြင့်တက်လာခြင်းမှာ စက်သုံးဆီများအပါအဝင် အခြားပြည်ပသွင်းကုန် တန်ဖိုးများ မြင့်မားလာခြင်းကြောင့် ငွေကြေးပမာဏပိုမိုသုံးစွဲရပြီး ဒေါ်လာဈေးများ မြင့်မားလာခြင်းဖြစ်ကြောင်း၊အဓိကအားဖြင့် ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်လာမှု မရှိစေရေးအတွက်ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် အဓိကထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  စက်သုံးဆီဈေးများ မြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများတင်သွင်းရာတွင် ကောက်ခံလျက်ရှိသည့် အခွန်အခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ စက်သုံးဆီများ တင်သွင်းရာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဓိကအသုံး ပြုလျက်ရှိသော ဒီဇယ်ဆီများအတွက် ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း။

          ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် လေအေးပေးစက်များကို ပိုမိုအသုံးပြုလာကြကြောင်း၊ ထိုသို့အသုံးပြုရာတွင် လျှပ်စစ် ဓာတ်အားကို အသုံးပြုမှုများ များပြားလာသကဲ့သို့ မီးစက်များအသုံးပြု၍လည်း ဆောင်ရွက်ကြကြောင်း၊ လျှပ်စစ်ဓာတ်အားကို ချွေတာရန်လိုအပ်သကဲ့သို့ မီးစက်သုံးဆီ သုံးစွဲခြင်းများနှင့် မော်တော်ယာဉ် အသုံးပြုမှုများကိုလည်း လျှော့ချသွားရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကို ဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လို ကြောင်း။

          ရထားပို့ဆောင်ရေးစနစ်သည် ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်များ သက်သာစေခြင်းကြောင့် ကုန်တင်ရထားများ တိုးချဲ့ပြေးဆွဲသွားရန် လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရထားဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု နိုင်ရေး တာဝန်ရှိသူများမှ ဆောင်ရွက်သွားကြရန်လိုကြောင်း။

          စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများဖြစ်သည့်ရေနှင့် ဓာတ်မြေဩဇာ များလိုအပ်သကဲ့သို့လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက်လည်း စက်သုံးဆီများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ် ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ လောင်စာဆီ ဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ  ဓာတ်မြေဩဇာဈေနှုန်းများ မြင့်တက်လာမှုကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲ နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေ လိုအပ်သည့်  ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်း သက်သာစွာဖြင့် ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံ ခြင်းများကိုတတ်နိုင်သမျှ လျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ မိမိတို့ အနေဖြင့်ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း။

          ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အရ ပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်း လျက်ရှိသည့် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုပ်နှင့် နှမ်းတို့ကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် နေကြာစိုက်ပျိုး ထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီ များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်လျက်ရှိသည့် ဓာတ်မြေ ဩဇာများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူး ပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေး သလိုတောင်သူများဘက်မှလည်း အတတ်နိုင်ဆုံး ကုန်ထုတ်လုပ်မှုများ ပြုလုပ်ကြစေလို ကြောင်းဖြင့် ပြောကြားသည်။

         ထို့နောက် တက်ရောက်လာကြသူများက ပြည်တွင်းစက်သုံးဆီရှားပါးမှု အခက်အခဲကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှစက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည့် မီးရထား၊ သင်္ဘောနှင့် ဘတ်စ်ကားယာဉ်များအတွက်လိုအပ်သည့် စက်မောင်းဆီများအား လုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

          ယင်းနောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များဆွေးနွေးမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။