ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းများရှိ လူစီးအမြန်ရထားများတွင် ရထားများတိုးချဲ့ချိတ်ဆက်ပြေးဆွဲ ခရီးသွားပြည်သူများရထားစီးနင်းမှုများပြား
နေပြည်တော် မတ် ၂၉
နိုင်ငံတော်ယာယီသမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးနှင့်ဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားဆိုင်းများတိုးချဲ့ ပြေးဆွဲပေးခြင်း၊ လက်ရှိပြေးဆွဲနေသော ရထားတွဲဆိုင်းများတွင် ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်း များအား ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ရထားစီးခရီးသွားပြည်သူများ ရထား စီးနင်းမှုများပြား လျက်ရှိသည်။
ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်း၌ လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သည့် အမှတ်(၃၁)အဆန် ၊ အမှတ်(၃၂)အစုန် ၊ အမှတ်(၇)အဆန်၊အမှတ်(၈)အစုန် ရထားများအားပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ စီးနင်မှုများပြားလာသည့်အတွက် အမှတ်(၃၃)အဆန်၊အမှတ်(၃၄)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအားထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့ပါသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမှတ်(၁၁)အဆန်၊အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၌လည်း ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် အထက်တန်း(၁)တွဲ ၊ ရိုးရိုးတန်း(၃)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေး ခဲ့ပြီး ယခင်ရပ်တန့်ဘူတာ(၁၆)ဘူတာရှိရာမှ ဒိုက်ဦး ၊ ရေနီ၊ ညောင်ရမ်း၊ မြစ်သား (၄)ဘူတာထပ်မံရပ်တန့်ပေးခဲ့ ပါသည်။
ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ ရထားစီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်လေအိတ်လူစီးအမြန်ရထား၌ ရိုးရိုးတန်း(၁)တွဲထပ်မံချိတ်ဆက်ပြေးဆွဲပေးခြင်း ၊ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော အမှတ်(၇၁)အဆန်၊အမှတ်(၇၂)အစုန် လူစီး အမြန်ရထား သည် ခရီးသည်စီးနင်းမှုများပြားခြင်း၊ ကြည့်မြင့်တိုင်-ပြည် ရထားလမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန်လူစီးစာပို့ရထားတွင် ရိုးရိုးတန်း(၂)တွဲအားထပ်မံချိတ်ဆက်ပြေးဆွဲ ပေးခဲ့ပြီး လက်ပံတန်း-သာရဝေါ ရထားလမ်းပိုင်း၌ အမှတ်(၁၉၅)အဆန်၊ အမှတ်(၁၉၆)အစုန် လော်ကယ်ရထားအား တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာနေ့များတွင် ပြေးဆွဲပေးလျက်ရှိရာမှ ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှ စ၍ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော အမှတ်(၁၁)အဆန်၊အမှတ်(၁၂)အစုန် လူစီးအမြန် ရထားများ၊နေပြည်တော်-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသောအမှတ်(၂၇)အဆန်၊အမှတ်(၂၈)အစုန် လူစီး အမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော လေအေးပေးစက်ပါ DEMU လူစီး အမြန်ရထားများအား online Railways Ticketing and payment System(ORTP) ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်းဖြစ်ပါသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ခရီးသွား ပြည်သူများရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း ၊ ရထားတွဲများထပ်မံ ချိတ်ဆက်ပြေးဆွဲခြင်းများ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရှိကြောင်းသတင်းရရှိပါသည်။
မြန်မာ့မီးရထား


