နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် ၈ ဦးနှင့် AA အဖွဲ့ဝင် ၁၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
နေပြည်တော် ၊ ၂၀၂၆ မတ် ၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘော ပေါက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၈ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့မှ ၁ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရေကြည်မြို့နယ်မှ ၁ ဦး၊ ရွှေသောင်ယံမြို့နယ်မှ ၁ ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး၊ ကြံခင်းမြို့နယ်မှ ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ ၁ ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ၂ ဦး၊ မြေပုံမြို့နယ်မှ ၁ ဦး၊ မြောက်ဦးမြို့နယ်မှ ၂ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ ဂွမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦးနှင့် မောင်တော မြို့နယ်မှ ၁ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 အမျိုးအစားမောင်းပြန်ရိုင်ဖယ်(၅) လက်၊ MA-3 အမျိုးအစား မောင်းပြန် ရိုင်ဖယ်(၁) လက်၊ MA-11 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁) လက်၊ SIG SAUER အမျိုးအစားပစ္စတို (၁)လက်၊ ၃၅ တောင့်ဝင်ကျည်အိမ် (၉) ခု၊ SIG SAUER အမျိုးအစား ပစ္စတိုကျည်အိမ် ၁ ခု၊ BA-91 လက်ပစ်ဗုံး (၁) လုံး၊ ၅ ဒသမ ၅၆ မမ ကျည် (၂၈၃) တောင့်၊ ၇ ဒသမ ၆၂ မမ ကျည် (၂၃) တောင့်နှင့် USA 380 AUTO (၂၀) တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀)နှုန်းဖြင့် သေနတ် ၇ လက်အတွက် ကျပ်သိန်း (၃၅၀) ကျပ်၊ ပစ္စတို ၁ လက်အတွက် သိန်း (၂၀) ကျပ်၊ လက်ပစ်ဗုံး (၁)လုံးအတွက် ဆုကြေးငွေ (၃)သိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူ (၁)ဦးလျှင် (၃)သိန်းကျပ်နှုန်းဖြင့် (၁၈)ဦး အတွက် (၅၄)သိန်းကျပ်၊ စုစုပေါင်းချီးမြှင့်ငွေကျပ်သိန်း (၄၂၇)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင် အတွင်းပြန် လည်ဝင်ရောက်လာသူများ ကိုယ်စား အုပ်ထိန်းသူ တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့၍ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှု များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော် ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်း စွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြု လိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရ သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ကြားသိရပါသည်။
ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ(၂၆-၃-၂၀၂၆)
၁။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ကျွန်တော်ရောက်သွားရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ ရန်ကုန်မှာအလုပ်လုပ်နေရင်းနဲ့ Tiktokက နေပြီး ချိတ်ဆက်မိသွားတယ်။ သံတွဲကို ကျွန်တော်တို့ ကို ပို့တယ်။ ရောက်သွားတဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့တွေ ပင်းပန်းဆင်းရဲဒုက္ခတွေ မျိုးစုံ ခံခဲ့ရတယ်။ သူတို့တွေရဲ့ စနစ်ကလည်း ကျွန်တော်တို့လုံးဝမကြိုက်ဘူး။ မူးရူးလာတဲ့အချိန်ဆို ရင် ရဲဘော်ကိုရဲဘော်မှန်းလည်းမသိ။ ဆဲဆိုတယ်။ ရိုင်းပြတယ်။ ရိုက်နှက်မှုတွေက အများကြီးကို ပိုဆိုးတယ်။ AA တွေ ကျွန်တော်တို့ကို လာမခေါ်ခင်တုန်းကတော့ ကျွန်တော်ပြောတယ်။ ကျွန် တော်ပြန်လို့ရရင် ပြန်မယ်။ ကျွန်တော်မနေချင်ဘူးလို့။ တောထဲလည်း မဝင်ချင်ဘူးလို့ပြောတဲ့ အချိန်မှာ မင်းတို့ပြန်လို့မရဘူးတဲ့။ ဒီဘက်ကိုလာပြီးတော့ ပြန်လို့ရှိရင် အရှင်ထွက်တော့မရဘူး။ အသေထွက်ပဲရမယ်လို့ပြောတယ်။ သင်တန်းနည်းပြတွေက ကျွန်တော်တို့ကို ဆက်ဆံတဲ့ပုံစံတွေ ကတော့ ရင့်သီးတယ်။ ရိုင်းပြတယ်။ အသိစိတ်ဓာတ်အရမ်းနည်းတော့ သင်တန်းသားတစ် ယောက်နဲ့ သင်နည်းပြတစ်ယောက်က သူတို့သင်ကြားမှုပဲ မှန်တယ်။ သူတို့ပြောတာပဲ မှန်တယ်။ သူတို့ခိုင်းတာ ပဲလုပ်ဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆံပြီးတော့ ကျွန်တော်တို့ကို သင်တန်းပေးတယ်။ ကျွန်တော်သင် တန်းတက်ပြီးသွာလို့ ရှေ့တန်းရောက်လာတဲ့အချိန်မှာတော့ ကာကင်းမှာပဲ နေရတယ်။ ကာကင်းမှာ AA တွေနဲ့ နေရတယ်။ AA တွေက သူတို့ခိုင်းတာလုပ်၊ တစ်ခါတစ်လေကျ သူတို့ဘက်က မှားတာရှိလို့ ပြန်ပြောရင် ဖြတ်ကန်တာတို့၊ သတိဆွဲပြီး ပါးရိုက်တာတို့ လုပ်တယ်။ တချို့ AA တွေ ဆိုလည်း သူများတကာအိမ်တွေပေါ်တက် အဝတ် အစားတွေမွှေနှောက်၊ ကျွန်တော်တို့တွေက မကြိုက်လို့ပြောတော့ ကျွန်တော်တို့ကို သတိဆွဲပြီး ပါးရိုက်တယ်။ အလင်းဝင်ဖို့ကျွန်တော်တွေး တယ်။ တစ်လနှစ်လလောက်ထိကို ကျွန်တော် တွေးနေတယ်။ ကြိုးစားလို့မရဘူး။ ကျွန်တော်တို့ကို စောင့်ကြည့်တဲ့ဟာတွေရှိတယ်လေ။ အခုလိုမျိုး ကျွန်တော်တို့လို အလင်းဝင်လာတဲ့သူတွေကို အခမ်းအနားကြီးနဲ့ နွေးနွေး ထွေးထွေးကြိုဆိုပေးကြတဲ့အတွက် တပ်မတော်ကလူကြီးမင်းများ၊ အရာရှိများနဲ့ ရဲဘော်အ ပေါင်းတို့ကို အားလုံးကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
၂။ ဒီကိုရောက်လာပြီးတော့ အကုန်လုံးအဆင်ပြေတယ်။ ကျွန်တော်တို့စားရသောက်ရတာက ကျွန်တော်တို့အလင်းဝင်တဲ့သူတွေကို အခမ်းအနားနဲ့ကြိုဆိုတယ်။ ထောက်ပံ့ကြေးတွေလည်း ပေးတဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်ကို အထူးကျေးဇူးတင်ပါတယ်။ အခုတောထဲမှာကျန်ခဲ့ တဲ့ ညီအစ်ကိုမောင်နှစ်မတွေကို ကျွန်တော်လိုအလင်းဝင်ဖို့ အကုန်လုံးကိုဖိတ်ခေါ်တယ်။ အလင်းဝင်လာဖို့အတွက်ကိုလည်း ကျွန်တော်မျှော်လင့်မိပါတယ်။
၃။ ကျွန်တော်က အရင်တုန်းက သာမန်ပြည်သူပါ။ ကျွန်တော်နိုင်ငံရေးတွေ၊ ဘာတွေလည်း စိတ် မဝင်စားဘူး။ မိသားစုတွေနဲ့ အေးအေးချမ်းချမ်းနေတယ်။ စုဆောင်းရေးရောက်တော့ တစ်လ လောက်ထိတော့ နားရတယ်။ စုဆောင်းရေးကန့်သွင်းထားတဲ့အချိန်မှာ ကတုတ်ကျင်းတူးတာတို့ ဘန်ကာဆောက်တာတို့ အဆောက်အဦဆောက်တာတို့ သင်တန်းကွင်းအတွက် မြေနေရာရှင်း တာတို့ အဲ့တာမျိုးတွေ ကျွန်တော်တို့ လုပ်ရပါတယ်။ သစ်ပင်ခုတ်၊ ဝါးခုတ်တာ၊ အဲတာမျိုးတွေ အစုံလုပ်ရပါတယ်။ စားတာကတော့ မနက်ပိုင်းကို ဆန်ပြုတ်တိုက်ပါတယ်။ နေ့လည်ပိုင်းကို ငါးနီတူ တစ်ယောက်ကို ၁၀ဖတ်၊ ၁၅ ဖတ်လောက်ပဲ ရတယ်။ လှော်ကျွေးပါတယ်။ တစ်ခါတစ်လေ မြေပဲထောင်းပြီး ငရုတ်သီးနဲ့ကြော်တဲ့ဟာလည်း ကျွေးတယ်။ ကွင်းထဲမှာရှိတဲ့ ကင်ပွန်းချဉ်အရိုင်း တွေခူးပြီး ချဉ်ဟင်းချက်စားရတာ ရှိပါတယ်။ ဆန်ကတော့ မိုးမိတာလို့ အခဲဆန်မျိုးတွေလည်းရှိပါတယ်။ သင်တန်းကာလတစ်လျှောက်လုံး မိုးလင်းမိုးချုပ်လူမဆန်စွာ ခိုင်းတယ်။ ကန်တယ်။ ကြောက်တယ်။ ပြေးသွားပြီဆိုရင်လည်း ပြန်ဖမ်းတယ်။ ပြန်ဖမ်းမိရင် သင်တန်းသား အစုံအစိပေါ့။ ၅၀ ရှိရင်၊ ၅၀ ၊ ၁၀၀ရှိရင် ၁၀၀ တစ်ယောက် ၅ ချက်စီ ရိုက်ခိုင်းပါ တယ်။ ပြီးတော့ သံခြေကျင်းနဲ့ ထောင်သဘောမျိုးဆောက်ထားတဲ့ အဆောက်အဦမှာ ထားပါတယ်။ ဒီဖိနှိပ်မှုက တော့ တော်တော်လေးကြီးမားပါတယ်။ ဒါကို ကျွန်တော်တို့က COMPLAIN တက်ခွင့်မရှိပါဘူး။ ပြန်လည်ပြောဆိုခွင့်မရှိပါဘူး။ တပ်မတော်ဘက်က ကျွန်တော်တို့အပေါ်ဆက်ဆံတာကတော့ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာတဲ့အတွက် သူတို့ဘက်ကလည်း လှိုက်လှိုက်လှဲလှဲဝမ်းပမ်း တသာနဲ့ကြိုဆိုကြပါတယ်။ အခုလို ကျွန်တော်တို့ အသိစိတ်ဓာတ်နဲ့ အလင်းဝင်လာတာကို လှိုက်လှိုက်လှဲလှဲပြန်လည်ပြီးတော့ ကြိုဆိုပေးတဲ့ တပ်မတော်အကြီးအကဲတွေရော ပြည်သူတွေရော အားလုံးကိုလည်း ကျွန်တော်ကျေးဇူး တင်ပါတယ်။ တော်လှန်ရေးခေါင်းစဉ်တပ်ထားပြီးတော့ အဲဒီအရိပ်အောက်မှာ လက်ရှိ တိုက်နေကြတဲ့ ညီအစ်ကိုတွေရော တိုင်းရင်းသားအားလုံးရော လက်နက်နဲ့ ငြိမ်းချမ်းရေးကို လာရောက်လဲလှယ်ပေးပါ။ လက်နက်မဲ့အလင်းဝင်ခြင်းလည်း လာရောက်ပြုလုပ်ပါ။ ဒီဘက်မှာက အားလုံးလုံခြုံပါတယ်။ ဘေးကင်းပါတယ်။ မိသားစုကို ဒုက္ခပေးခြင်းမျိုး ဘာတစ်ခုမှမရှိပါဘူး။ ရောက်လာတဲ့လူတွေအပေါ်မှာလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်းကို ကျွန်တော်တို့ကလည်း အာမခံပါတယ်။ ကျွန်တော်တို့လည်း လက်ရှိမှာ အလင်းဝင်လာတဲ့ လူတွေပါပဲ။




