၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဝင် မုခ်ဦးဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စစ်တွေမြို့ဝင် မုခ်ဦးတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးက မုခ်ဦးဖွင့်ပွဲအထိမ်းအမှတ် ဓာတ်ပုံများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် တိုင်းမှူးတို့ထံ ပေးအပ်ကာ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက စစ်တွေမြို့ဝင် မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တိုင်းမှူးတို့က မြို့ဝင်မုခ်ဦးကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ မြို့ဝင်မုခ်ဦး တည် ဆောက်ခြင်းအထိမ်းအမှတ် ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်း ပေးကြသည်။ ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူ များက ကပြဖျော်ဖြေတင်ဆက်ကြသည့် ရခိုင်ယဉ်ကျေးမှုအဖွဲ့၊ ပန်းဖွားအဖွဲ့၊ အေရိုးဗစ် အဖွဲ့နှင့် ရခိုင်စည်တော်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက စစ်တွေမြို့ဝင် မုခ်ဦးအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
