စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မတ် - ၂၄
စက်သုံးဆီများဖူလုံစွာရရှိရေးနှင့်သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ ယခုလက်ရှိအချိန်တွင် ဖြစ်ပွား လျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှားပါးမှုကို နိုင်ငံတိုင်းတွင်ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ကာလ အတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပချိန်သို့ ရောက်ရှိတော့မည်ဖြစ် ကြောင်း၊ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော် ကို အကန့်အသတ်ဖြင့်သာကျင်းပရန် မေတ္တာရပ်ခံခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း စက်သုံးဆီကန့်သတ်ချက်များကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကြပ်အတည်း မဖြစ်စေလိုကြောင်း။
ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သုံးစွဲမှုနှင့်ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျ စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များ ကို ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်ပဋိပက္ခသည် အချိန်ကာလ အားဖြင့်မည်မျှကြာမြင့်မည်ကို မိမိတို့အနေဖြင့်မသိရှိနိုင်ကြောင်း၊ ထို့ကြောင့် စက်သုံး ဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေး အတွက် မီးရထားများတိုးချဲ့ပြေးဆွဲခြင်းနှင့် အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေ ချောမွေ့စေရေး တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက် သွားကြစေလို ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံအတွင်းရောက်ရှိပြီးဖြစ်သည့် စက်သုံးဆီများ၏ လက်ကျန်အခြေအနေများ၊ ပြည်ပမှဆီတင်သင်္ဘောများ ထပ်မံ ရောက်ရှိမည့်အခြေအနေများ၊ ပြည်တွင်းစက်သုံးဆီရှားပါးမှု အခက်အခဲကို ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှစက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး စဉ်ဆက် မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပြည်တွင်းစက်သုံးဆီ သိုလှောင်နိုင်မှုအခြေအနေများ၊ စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျဖြင့် ရောက်ရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မီးရထားခရီးစဉ်များအလိုက် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် ရထားစီးခရီးသည်များ ပိုမိုအဆင်ပြေစွာစီးနင်းလိုက်ပါနိုင်ရေး တွဲပိုများချိတ်ဆက်ပြေးဆွဲခြင်းကို ဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေများ၊ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)မှ ထုတ်လုပ်ထားသည့် ဘက်ထရီလျှပ်စစ် စက်ခေါင်းအသုံးပြု ပြေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြည်တွင်းလေယာဉ် ခရီးစဉ်များ ဆက်လက်ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ အပေါ် စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ် များအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အား မြို့နယ်များအလိုက် လမ်းလျှောက်သင်္ကြန်ဖြင့် စနစ်တကျကျင်းပဆောင်ရွက်သွားရန် လျာထား ဆောင်ရွက် သွားမည့်အခြေအနေများ၊ သင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီသုံးစွဲမှုများပြားမှု မရှိစေရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုများကို စနစ်တကျဖြင့် သတ်မှတ်ဆောင်ရွက် သွားသင့်သည့်အခြေအနေများ၊ စက်သုံးဆီရောင်းဝယ်မှုများကို ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအပေါ် လိုက်နာမှုမရှိဘဲ ရောင်းဝယ်နေမှုများအား အရေးယူ ဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဆိုပါက ဆီသုံးစွဲမှုများကို ပိုမိုလျှော့ချသွား နိုင်မည့်အခြေအနေများ၊ စက်သုံးဆီများအား တရားမဝင်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်နေရာဒေသများသို့ ရောက်ရှိမှုမရှိစေရေး စနစ်တကျဖြင့်ကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍အသီးသီး ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ က ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်သုံးဆီများကို အမှန်တကယ် အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီ များဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။
မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များ အစရှိသည့် အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မီးရထားခရီးစဉ်များကို နယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အစဉ်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့်မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွားလာရန် ခက်ခဲ သည့်ဒေသများသို့လည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း၊ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက် သင်္ကြန်အဖြစ် နေရာများသတ်မှတ်၍ ကျင်းပပြုလုပ်သွားမည်ဆိုပါက ပိုမိုသင့်လျော် မည်ဖြစ်ကြောင်း၊ အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာ သယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လို ကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စက်သုံးဆီရှားပါးမှု ကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပြည်သူများမျှော်လင့်ထားသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်ခြင်းကြောင့် အများပြည်သူများပျော်ရွှင်စွာဖြင့် ရေသဘင်ဆင်နွဲနိုင် ရေးတာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ပေးသွားကြရန်လို ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေး ဆောင်ရွက် ပေးရန်နှင့် ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေး ဆောင် ရွက်ပေးသွားကြရန်လိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


