တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာအနီး၌ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ၂၀၂၆ မတ် ၂၄ ရက်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယနေ့ညနေ ၃ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၂၈၅၀၀ ခန့်အကွာ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် တဲများအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးရာ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ မူးယစ်ဆေးဝါးချက်လုပ်/ ထုပ်ပိုးသည့် မိုးကာတဲကြီး ၂ လုံး၊ အလျား ၅၀ ပေ အနံ ၃၀ ပေရှိ ထမင်းစာဆောင် မိုးကာတဲ ၁ လုံးနှင့် လူနေမိုးကာတဲ ၁ လုံး၊ ၁၀ ပေပတ်လည် လူနေမိုးကာတဲ ၃ လုံး၊ အလျား ၁၀ ပေ အနံ ၁၅ ပေရှိ မိုးကာတဲ ၃ လုံးတို့ကို တွေ့ရှိ ရပြီး ၎င်းတို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ၁၉ လုံးကျ ရိုက်စက်နှင့် အင်ဂျင်အသေးတွဲလျက်ပါ ၄ လုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်းပြား ၊စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၂၀ ကီလိုဂရမ်စီပါ ၆ အိတ် ၊ ပန်းရောင်စိတ်ကြွဆေးမှုန့် ၂၀ ကီလိုဂရမ်စီပါ ၁၅ အိတ် ၊ အိုက်စ် ၁ ကီလို ဂရမ်စီပါ ၄၉ ထုပ် ၊ ကဖင်း ၁၅ ကီလိုဂရမ်စီပါ ၄၆ အိတ် ၊ ကဖင်း ၂၀ ကီလိုဂရမ်စီပါ ၇၀ အိတ် ၊ အခြောက်ခံစတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါးမွှေစက်နှင့် အင်ဂျင်အသေး တွဲလျက်ပါ ၁ လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်အကြီး ၁ လုံး၊ မျောက်ခေါင်း တံဆိပ်အနံ့ဆေးရည် ၂၀ လုံးစီ ပါ ၁၂ ဖာ၊ Promethazine တံဆိပ်ပါ ချောင်းဆိုး ပျောက်ဆေး ၂၅၀ လုံး၊ ဗင်နီလင်း ၄၀ ကီလိုဂရမ်စီပါ ၄ အိတ်၊ ကြယ်တံဆိပ် Food Colour ဘူးသေး ၅၀ ဘူး ၊ ကီလိုချိန် စက်အကြီး ၂ ခု၊ စိတ်ကြွဆေးပြားများထည့်သည့် ပလတ်စတစ်ကပ်ခွာအိတ်ငယ်ပါ ဆာလာအိတ် ၃ အိတ်၊ မှိုင်းကိုင်စက္ကူပါဆာလာအိတ် ၃ အိတ်၊ ဆေးပြားရိုက်မှိုတံဆိပ် မပါ ၂၀၃ ချောင်း၊ WY တံဆိပ်ပါဆေးပြား ရိုက်မှို ၂၀၄ ချောင်းနှင့် Starlink Gen 3 ၁ လုံးတို့ ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်)နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်အားလည်း မသင်္ကာဖွယ်မူးယစ် ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။