အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံ အတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။
မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။
ယင်းသို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိပါသည်။
ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင် များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ပါသည်။
စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူ မှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
