လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ထပ်မံဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မတ် ၂၂ ရက်

Sunday, March 22, 2026 - 15:30

‌         မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ နိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်စေရေးနှင့် အလုံးစုံ ပပျောက်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ် ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မတ် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အဆိုပါကျေးရွာအနီးတစ်ဝိုက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု များ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြု သည့် လူနေအဆောက်အအုံများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယနေ့တွင်လည်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များသည် နေ့လယ် ၂ နာရီခွဲခန့်တွင် လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာ၏ အရှေ့တောင် ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ တရားမဝင်အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး တို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မတ် ၂၀ ရက်နေ့တွင် ကောင်းစံကျေးရွာအနီး သိမ်းဆည်းရမိခဲ့သည့် တရားမဝင်အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ အား စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။