တာချီလိတ်မြို့၌  ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်းဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြာများ သိမ်းဆည်းရမိ နေပြည်တော်၊ ၂၀၂၆  မတ် ၂၁ ရက်

Saturday, March 21, 2026 - 15:15

          မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိသည်။ 

            ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ်မော်တော်ယာဉ် ၃ စီးရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေရာ Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၀ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀  ပြား၊ Toyota Hilux Single Cub အမျိုးအစား(လိုင်းစင်မဲ့) ခဲရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထား သည့် ဆာလာအိတ် ၂၂ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွ ရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်းပြား( ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

          အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မော်တော်ယာဉ်များအား  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံများ အား ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိ သည်။