မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိ နေပြည်တော် မတ် ၂၀

Friday, March 20, 2026 - 17:45

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မတ် ၂၀

ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွယ်ကူ ချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မတ် ၁၆ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၆) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ အဆိုပြုချက်နှင့် အတည်ပြုချက် လျှောက်ထားလွှာများ တင်ပြလျှောက် ထားရာတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာ (USD) အပြင် တရုတ်ငွေကြေး ယွမ် (CNY) ဖြင့်ပါ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသူသည် ယူဆောင်လာသည့် အမေရိ ကန်ဒေါ်လာ(USD) ဖြစ်စေ၊ တရုတ်ငွေကြေး ယွမ် (CNY) ဖြစ်စေ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပြောင်းလဲပေးချေမှုများကို ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂  ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂  ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်း  ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။