တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအောင်လင်းဒွေး၊ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ Jeng  Phang  နော်တောင်တို့အား ရွေးကောက်တင်မြှောက်

Wednesday, March 18, 2026 - 02:15

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအောင်လင်းဒွေး၊ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ Jeng  Phang  နော်တောင်တို့အား ရွေးကောက်တင်မြှောက်

နေပြည်တော် မတ် ၁၈

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည် အထိ အစည်းအဝေးကိုကြီးကြပ်ကွပ်ကဲနိုင်ရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူအား သဘာပတိအဖြစ် အဆိုတင် သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နီနီမာက ထောက်ခံသည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကို သဘာပတိအဖြစ်တင်မြှောက်ကြောင်း အခမ်းအနားမှူး က ကြေညာသည်။

ထို့နောက် သဘာပတိ ဒေါ်ဒွဲဘူက အမျိုးသားလွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိ အဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက သဘာပတိ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ဆက်လက်၍ သဘာပတိက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃) ဦးစလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်က အမျိုးသား လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေး တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ထောက်ခံသည့်အတွက် ၂၀၁၅ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁)အရ  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်လင်းဒွေးအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက် ကြောင်း သဘာပတိက ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ထွန်း က အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ လောင်းအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင် တစ်ဦးတည်း ကိုသာ အမည်စာရင်းတင်သွင်းပြီး တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင် က ထောက်ခံသည့်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင် အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

 ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံရသည့် ဦးအောင်လင်းဒွေးနှင့် Jeng Phang နော်တောင် တို့က သဘာပတိ ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြု လွှာပေါ်တွင် လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် သဘာပတိက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးထံ  တာဝန် လွှဲအပ်သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်

ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြိုတင် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့  ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

        ယနေ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနဲ့ ဧည့်သည် တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ ကြပါစေကြောင်း ဦးစွာ ပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

        ယနေ့ဟာ ဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ တတိယအကြိမ် အမျိုးသားလွှတ်တော် စတင်တဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာ နေ့တစ်နေ့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်းနဲ့ ကျွန်တော့်ဘဝရဲ့ မှတ်တိုင် တစ်ခုအဖြစ် စွဲမြဲစွာ မှတ်သားထားရှိ သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။  

        ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဟာ မဖြစ်မနေလုပ်ရမဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် အခက်အခဲများစွာကြားကပင် လွတ်လပ် ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီလိုရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့လို့လည်း ယနေ့ ပြည်သူများရွေးကောက်တင် မြှောက်ပေး လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ တတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးကြီးကို တက်‌ရောက်လာနိုင်ကြတာပဲ ဖြစ်ပါ တယ်။

        လွှတ်တော်ဆိုတာ ဥပဒေပြုရေးအာဏာကို ပြည်သူလူထုထံမှ ရရှိထားတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) အရ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်သွားရမှာဖြစ် ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့အခန်းကဏ္ဍဟာ ကြီးမားသလို လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။

        အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ အရ ဖွဲ့စည်း ထားတာဖြစ်ပြီး ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများမှ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီအမည်စာရင်းတင်သွင်းထား တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်ဖြစ်တာ ကြောင့် ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက် သွားကြဖို့ ဖြစ်ပါတယ်။

        အမျိုးသားလွှတ်တော်ကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါ တယ်။ ယခုကျင်းပတဲ့ တတိယအကြိမ်လွှတ်တော်ဟာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ အမျိုး သားလွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့အညီ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့ အတွက် ထူးခြားစွာပေါ်ပေါက်လာတဲ့ လွှတ်တော်ပဲဖြစ်ပါတယ်။

        လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ် တွေအချင်းချင်း  ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဆက်ဆံ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကြရမှာဖြစ်သလို လွှတ်တော်ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်လာချိန်မှာ ပါတီအရောင်အသွေးမခွဲခြား ဘဲ ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှုပြီး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆွေးနွေး ကြဖို့ တိုက်တွန်းလိုပါတယ်။   

        လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူအများက ယုံကြည်စွာ ရွေးချယ် ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ မိမိတို့ကို  ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူတို့ရဲ့အသံကို နားထောင်ပြီး အတတ်နိုင်ဆုံးဖြည့် ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးချယ်တင် မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူ့အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်ကြရန် တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေဟာ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရမှာ ဖြစ်တဲ့အတွက် ပြည်သူ့ အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်အောင် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း တိုးတက်မြင့်မားစေဖို့  စဉ်ဆက်မပြတ် လေ့လာသွားကြရမှာ ဖြစ်ပါတယ်။

        ဥပဒေပြုရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုး စီးပွားဖြစ်ထွန်းစေမှုတွေကို ဖော်ဆောင်ပေးမဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးတာ၊ ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာတွေ၊ ခေတ်စနစ်နဲ့လျော်ညီမှုမရှိ တော့တဲ့ ဥပဒေတွေကို  ရုပ်သိမ်းတာတွေဆောင်ရွက်ရာမှာ   လွှတ်တော်ကိုယ်စား လှယ်အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။

        နိဂုံးချုပ်အနေဖြင့် ကျွန်တော်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခွင့် ရတဲ့အချိန်မှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့  အကျိုးကို  ရှေးရှုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်ရဲ့ထုံးတမ်းအစဉ်အလာတွေကို တိကျစွာ လေးစား လိုက်နာပြီး သမာသမတ်ကျစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြပါစို့ဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။