၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ရာ မတ်လ ၁၇ ရက်တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကိုလည်း မတ်လ ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့ စာမေးပွဲဖြေဆိုမှုနောက်ဆုံး နေ့တွင် သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် မြို့ပြပုံဆွဲဘာသာရပ်၊ အခြေခံပရိုဂရမ်မိတ်ဆက် ဘာသာရပ်နှင့် စက်မှုပုံဆွဲဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရာ စက်မှု အတတ်ပညာတွင် (မြို့ပြပုံဆွဲဘာသာရပ်၊ အခြေခံပရိုဂရမ်မိတ်ဆက်ဘာသာရပ်နှင့် စက်မှုပုံဆွဲ ဘာသာရပ်)တို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်များမှ စာစစ်ဌာနစုစုပေါင်း ၄၁ ခု၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၁၁၄ ဦး (၉၉ ဒသမ ၀၆ ရာခိုင်နှုန်း)ဖြင့် ဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေး လျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် စာမေးပွဲဖြေဆိုမှု နောက်ဆုံးရက်အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။




