နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ    နေပြည်တော်၊ မတ် - ၁၈

Wednesday, March 18, 2026 - 02:15

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ပူးတွဲစစ်ဦးစီးချုပ် General Chitchanok Nujjaya နှင့် ထိုင်းဘုရင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ရှည်ကြာပြီး ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင် ရွက်မှုများရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင် ရွက်မှုများပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများမရှိစေရေး နှင့်မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး၊  နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်း မှုများကိုလျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တပ်မတော်နှစ်ရပ် အကြားလေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများအား ထိထိရောက်ရောက်ဟန့်တား ရှင်းလင်း နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC) ကျင်းပပြုလုပ်သွားမည့်အခြေအနေ များ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုအခါလွှတ်တော် အစည်းအဝေးများ ကျင်းပပြုလုပ်လျက်ရှိမှု အခြေအနေများ၊ ထိုင်းနိုင်ငံတွင်လည်း မကြာမီကာလအတွင်းက ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ လွှတ်တော် ကျင်းပလျက်ရှိမှုအခြေအနေများ၊မြန်မာ - ထိုင်း  နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။