ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ  (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၉  / ၂၀၂၆) ၁၃၈၇ ခုနှစ်၊  တပေါင်းလပြည့်ကျော်   ၁၅    ရက် (၂၀၂၆ ခုနှစ်၊ မတ်လ    ၁၇    ရက်

Tuesday, March 17, 2026 - 15:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ

 (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၉  / ၂၀၂၆)

၁၃၈၇ ခုနှစ်၊  တပေါင်းလပြည့်ကျော်   ၁၅    ရက်

(၂၀၂၆ ခုနှစ်၊ မတ်လ    ၁၇    ရက်)

          အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း()

အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။      ဤဥပဒေကို မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ဟု ခေါ်တွင်စေရမည်။ 

၂။       ဤဥပဒေအရ အရေးယူနိုင်သည့်ပြစ်မှုတစ်ရပ်ရပ်ကို မည်သူမဆို ပြည်တွင်းတွင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားသော ရေယာဉ်၊ လေယာဉ်နှင့် စက်တပ်ယာဉ်တစ်ခုခု ပေါ်တွင်ဖြစ်စေ ကျူးလွန်လျှင်လည်းကောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရရှိသူ သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိသူက ပြည်ပတွင်ကျူးလွန်လျှင် လည်းကောင်း ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်။

၃။      ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က)    နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

( ခ )    သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ဆိုသည်။

( ဂ )    နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု ထားသူကို ဆိုသည်။

(ဃ)    ဧည့်နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေအရ သတ်မှတ်ထားသော ဧည့်နိုင်ငံသားကို ဆိုသည်။

( င )    နိုင်ငံသားပြုခွင့်ရသူ ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေအရ သတ်မှတ်ထားသော နိုင်ငံသားပြုခွင့်ရသူကို ဆိုသည်။

 

( စ )    ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number-UID) ဆိုသည်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့ကို ထုတ်ပေးသည့် သက်သေခံလက်မှတ်ကို ဆိုသည်။

(ဆ)    မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identification) ဆိုသည်မှာ ပြည်ပနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားဟု ယူဆ ရသူကို မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အဖွဲ့ရုံးက တစ်ကြိမ်သာလျှင်အသုံးပြုရန် ထုတ်ပေးသည့် သက်သေခံလက်မှတ်ကို ဆိုသည်။

( ဇ )     မြန်မာနိုင်ငံကူးလက်မှတ် ဆိုသည်မှာ သာမန်နိုင်ငံကူးလက်မှတ်၊ အထူးနိုင်ငံကူးလက်မှတ် သို့မဟုတ် သံတမန်နိုင်ငံကူးလက်မှတ်ကို ဆိုသည်။

( ဈ )    မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူ ဆိုသည်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူများကို ဆိုသည်။

(ည)    သာမန်နိုင်ငံကူးလက်မှတ် ဆိုသည်မှာ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပေးသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ဆိုသည်။

( ဋ )   အထူးနိုင်ငံကူးလက်မှတ် ဆိုသည်မှာ ပြည်ပနိုင်ငံသို့ တာဝန်တစ်ရပ်ရပ်ဖြင့် သွားရောက်ရန် အတွက် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်က အထူး ကိစ္စရပ်ဖြင့်စေလွှတ်သည့် ပုဂ္ဂိုလ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ဆိုသည်။

( ဌ )    သံတမန်နိုင်ငံကူးလက်မှတ် ဆိုသည်မှာ ပြည်ပနိုင်ငံတွင် သံတမန်ရေးရာတာဝန် ထမ်းဆောင်မည့် သံတမန်များ၊ ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံတော်က အထူးကိစ္စရပ်ဖြင့်စေလွှတ်သည့် ပုဂ္ဂိုလ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ဆိုသည်။

( ဍ )    အီလက်ထရောနစ်နိုင်ငံကူးလက်မှတ် (Electronic Passport-e passport) ဆိုသည်မှာ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကို ချစ်ပ်ပြားတွင် ထည့်သွင်းထားသော မြန်မာနိုင်ငံကူးလက်မှတ်ကို လုံခြုံရေးအဆင့်မြှင့်ထားသည့် အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ကို ဆိုသည်။

 

( ဎ )    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်နိုင်ရန် ဤဥပဒေအရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို ဆိုသည်။

(ဏ)    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဆိုသည်မှာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)နှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများကို ဆိုသည်။

 

အခန်း()

ရည်ရွယ်ချက်များ

၄။      ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ အသုံးပြုခြင်း၊ သက်တမ်းတိုးခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်၊ 

( ခ )     မြန်မာနိုင်ငံကူးလက်မှတ် စနစ်တကျထုတ်ပေးခြင်းဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကိုကာကွယ်ရန်၊

( ဂ )    မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံသို့ ခရီးသွားလာခြင်းကို စနစ်တကျစီမံခန့်ခွဲရန်၊

(ဃ)    မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းဖြစ်ပါက ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန်၊

( င )    မြန်မာနိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို ဥပဒေနှင့်အညီကာကွယ်နိုင်ရန်။

 

အခန်း()

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၅။      ပြည်ထောင်စုအစိုးရအဖွဲ့သည်-

          (က)    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

( ၁ )   ဒုတိယဝန်ကြီး                                                                        ဥက္ကဋ္ဌ

          ပြည်ထဲရေးဝန်ကြီးဌာန

( ၂ )    ရဲချုပ်                                                                                 အဖွဲ့ဝင်

          မြန်မာနိုင်ငံရဲတပ်ဖွဲ့

          ပြည်ထဲရေးဝန်ကြီးဌာန

 

 

( ၃ )   ညွှန်ကြားရေးမှူးချုပ်                                                              အဖွဲ့ဝင်

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

          ပြည်ထဲရေးဝန်ကြီးဌာန

( ၄ )   ညွှန်ကြားရေးမှူးချုပ်                                                              အဖွဲ့ဝင်

          ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန

          နိုင်ငံခြားရေးဝန်ကြီးဌာန

( ၅ )   ညွှန်ကြားရေးမှူးချုပ်                                                              အဖွဲ့ဝင်

          ပြည်တွင်းအခွန်များဦးစီးဌာန

          ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

( ၆ )   ညွှန်ကြားရေးမှူးချုပ်                                                              အဖွဲ့ဝင်

          ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန

          ဥပဒေရေးရာဝန်ကြီးဌာန

( ၇ )   ညွှန်ကြားရေးမှူးချုပ်                                                              အဖွဲ့ဝင်

          လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

( ၈ )   ညွှန်ကြားရေးမှူးချုပ်                                                              အဖွဲ့ဝင်

          အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

          အလုပ်သမားဝန်ကြီးဌာန

( ၉ )   ကိုယ်စားလှယ်တစ်ဦး                                                             အဖွဲ့ဝင်

          တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး                                  

          ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

(၁၀)   ကိုယ်စားလှယ်တစ်ဦး                                                             အဖွဲ့ဝင်

          လုံခြုံရေးနှင့်ဆိုင်သော                                                                     

          ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး၊

          ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

(၁၁)   သတင်းရဲတပ်ဖွဲ့မှူး                                                       အတွင်းရေးမှူး

          သတင်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့

          ပြည်ထဲရေးဝန်ကြီးဌာန

( ခ )    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၆။      မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)    မြန်မာနိုင်ငံကူးလက်မှတ်နှင့်စပ်လျဉ်း၍ မူဝါဒနှင့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ 

( ခ )    မြန်မာနိုင်ငံကူးလက်မှတ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

( ဂ )    အထူးကိစ္စရပ်များအတွက် သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းနှင့် လိုအပ်သည့် အခြေအနေများ သတ်မှတ်ခြင်း၊

(ဃ)    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ပြည်ပနိုင်ငံရှိမြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အဖွဲ့ရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊

( င )    ပြည်ပနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အဖွဲ့ရုံးများသို့ မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည် လျှောက်ထားခြင်း၊ မွေးတိုးလျှောက်ထားခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်လျှောက်ထားခြင်းများကိုစိစစ်၍ ခွင့်ပြုစေခြင်း သို့မဟုတ် ငြင်းပယ်စေခြင်း၊  

( စ )    သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို စိစစ်၍ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း၊

(ဆ)    ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်း၊

( ဇ )    ဤဥပဒေအရ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည်လျှောက်ထားခြင်းတို့နှင့် စပ်လျဉ်း၍ ပေးသွင်းရမည့်အခကြေးငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် သတ်မှတ်ခြင်း၊

( ဈ )   မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူများသည် အရေးကြီး၊ အရေးပေါ်ကိစ္စရပ် အတွက် ခိုင်လုံသော အကြောင်းပြချက်များဖြင့် မြန်မာနိုင်ငံကူးလက်မှတ် အမြန်ရရှိရေး လျှောက်ထားချက်ကို စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ည)    သက်ဆိုင်ရာဝန်ကြီးဌာနက အမည်ပျက်စာရင်းပေးပို့လာပါက အမည်ပျက်စာရင်း ထည့်သွင်းခြင်း၊

( ဋ )    ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် မြန်မာနိုင်ငံကူးလက်မှတ် ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

 

အခန်း()

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့်

ပြန်လည်လျှောက်ထားခြင်း

၇။      (က)    သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိသူသည် အောက်ပါစာရွက်စာတမ်းများ နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လျှောက်ထားနိုင်သည်-

( ၁ )   နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်းနှင့် မိတ္တူ)၊

( ၂ )   အသက် ၁၀ နှစ်အောက်ဖြစ်ပါက မွေးစာရင်း(မူရင်းနှင့် မိတ္တူ)၊

( ၃ )   အသက် ၁၈ နှစ်အောက်ဖြစ်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးဦး၏ ခွင့်ပြုချက်၊ (မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့်အတူ လာရောက်လျှောက်ထား ရမည်)

( ၄ )   အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ (မူရင်းနှင့် မိတ္တူ)၊

( ၅ )   ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number-UID)၊

( ၆ )   လျှောက်ထားလိုသည့် သာမန်နိုင်ငံကူးလက်မှတ်အမျိုးအစားအလိုက် လိုအပ် သော အခြားစာရွက်စာတမ်းအထောက်အထားများ၊

( ၇ )   သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် တရားဝင်သတ်မှတ် ထားသော အခကြေးငွေပေးသွင်းထားသည့်အထောက်အထား၊

( ၈ )   မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အခါအား‌လျော်စွာ သတ်မှတ်သည့် အချက်အလက်များ။

( ခ )    သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသည် ပုဒ်မခွဲ(က)အရ တင်ပြသော မူရင်းအထောက်အထားများကို စိစစ်ပြီး မူရင်းအထောက်အထားကို လျှောက်ထားသူထံ ပြန်လည်ပေးအပ်ရမည်။

၈။      သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားလိုသူသည်-

(က)    သက်တမ်းတိုးလျှောက်ထားလိုပါက မူလထုတ်ပေးထားသော သာမန်နိုင်ငံကူးလက်မှတ် စာအုပ်မူရင်းနှင့် ပုဒ်မ ပုဒ်မခွဲ(က)အရ သတ်မှတ်ထားသည့် စာရွက်စာတမ်းများနှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း မကုန်ဆုံးမီ လအတွင်း လျှောက်ထားနိုင်သည်။

( )     သက်တမ်းကုန်ဆုံးရန် မတိုင်မီ သက်တမ်းတိုးလျှောက်ထားလိုပါက သတ်မှတ် ထားသည့် ဒဏ်ကြေးငွေပေးသွင်း၍ ပုဒ်မခွဲ(က)ပါအတိုင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လျှောက်ထားနိုင်သည်။

၉။      သာမန်နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ အသစ်လျှောက်ထားလိုပါက ပျောက်ဆုံးကြောင်း သတင်းစာတွင် ထည့်သွင်းကြော်ငြာသည့်ရက်မှ ၆ လ ပြည့်လျှင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တွင် အောက်ပါစာရွက်စာတမ်းများဖြင့် ပူးတွဲလျှောက်ထားရမည်-

(က)    ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ၊

( ခ )    သတင်းစာတွင် ကြော်ငြာထားသည့် အထောက်အထား၊

( ဂ )    သတ်မှတ်ထားသည့် ဒဏ်ကြေးငွေပေးဆောင်ထားသည့် အထောက်အထား။

၁၀။    သာမန်နိုင်ငံကူးလက်မှတ် ပျက်စီး၍ အသစ်လျှောက်ထားလိုပါက မူလသာမန်နိုင်ငံကူးလက်မှတ် (ပျက်စီး)၊ သတ်မှတ်ထားသည့် ဒဏ်ကြေးငွေပေးဆောင်သည့်အထောက်အထား၊ ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ သတ်မှတ်ထားသည့် စာရွက်စာတမ်းများပူးတွဲ၍ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သာမန် နိုင်ငံကူးလက်မှတ် အသစ် ပြန်လည်လျှောက်ထားနိုင်သည်။

၁၁။    သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိသူက သာမန်နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည်လျှောက်ထားလာပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသည် သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရမည်။

၁၂။     ပြည်ပနိုင်ငံရောက် သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူသည် သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည်လျှောက်ထားခြင်းနှင့် မွေးတိုးလျှောက်ထားခြင်းများကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသော သတ်မှတ်ချက်နှင့်အညီ ပြည်ပနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အဖွဲ့ရုံးသို့ လျှောက်ထားနိုင်သည်။

၁၃။    ပြည်ပနိုင်ငံရောက် သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူက သက်တမ်းတိုး လျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည်လျှောက်ထားခြင်း သို့မဟုတ် မွေးတိုးလျှောက်ထားခြင်းများကို ပြည်ပနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အဖွဲ့ရုံးသည် သတ်မှတ်ချက်နှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရမည်။

၁၄။    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် စိစစ်တင်ပြချက်များအပေါ်မူတည်၍-

(က)     ပြည်တွင်း၌ သာမန်နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထား ခြင်းတို့ကို ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

( ခ )     ပြည်ပနိုင်ငံတွင် သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် မွေးတိုးလျှောက်ထားခြင်းကို ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၁၅။    သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိသူသည် ပြည်ပသို့ အရေးကြီး၊ အရေးပေါ် ကိစ္စရပ်ဖြင့် ထွက်ခွာရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် ခိုင်လုံသောအကြောင်းပြချက် အထောက်အထားများဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လျှောက်ထားနိုင်သည်။

၁၆။    မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သည် ပုဒ်မ ၁၅ အရ လျှောက်ထားချက်အပေါ် တင်ပြချက်ကိုစိစစ်၍ သာမန်နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၇။    တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့် တာဝန်ဖြင့်ပြည်ပသို့ သွားရောက်မည့် နိုင်ငံတော်က အထူးကိစ္စရပ်ဖြင့်စေလွှတ်သည့် ပုဂ္ဂိုလ်သည် သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားလိုပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင်သည်။

၁၈။    သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက တာဝန်ဖြင့် ပြည်ပနိုင်ငံသို့ စေလွှတ်မည့် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်က အထူးကိစ္စရပ်ဖြင့် စေလွှတ်သည့် ပုဂ္ဂိုလ်သည် အထူးနိုင်ငံကူးလက်မှတ်ရရှိရန် သတ်မှတ်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်။

၁၉။    ပြည်ပနိုင်ငံတွင် သံတမန်ရေးရာတာဝန်ထမ်းဆောင်မည့် သံတမန်များ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံတော်က အထူးကိစ္စရပ်ဖြင့် စေလွှတ်သည့် ပုဂ္ဂိုလ်သည် သံတမန်နိုင်ငံကူးလက်မှတ်ရရှိရန် သတ်မှတ်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်။

၂၀။     မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူသည်-

(က)    အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ် ကျင့်သုံးသည့်အခါ အီလက်ထရောနစ်နိုင်ငံကူး လက်မှတ်အသစ်ကို သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာသို့ လျှောက်ထားရမည်။

( ခ )    ပုဒ်မခွဲ(က)အရ လျှောက်ထားရာတွင် မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် မူရင်းနှင့် မိတ္တူ ပူးတွဲတင်ပြလျှောက်ထားရမည်။

( ဂ )    မူလမြန်မာနိုင်ငံကူးလက်မှတ်ကို သက်တမ်းကုန်ဆုံးသည်အထိ အသုံးပြုနိုင်သည်။

၂၁။     (က)    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် ပုဒ်မ ၂၀ အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် သို့မဟုတ် ငြင်းပယ်ရန် သက်ဆိုင်ရာသို့ အကြောင်းကြား နိုင်သည်။

          ( ခ )    မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူသည် အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် ရရှိသည့်အခါ  မူလမြန်မာနိုင်ငံကူးလက်မှတ်ကို သက်ဆိုင်ရာသို့  ပြန်လည်အပ်နှံရမည်။

အခန်း()

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်လည်အပ်နှံခြင်း

၂၂။     မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသည် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က)    လျှောက်ထားသူထံ တိုက်ရိုက်ထုတ်ပေးခြင်း၊

( ခ )    အထူးကိစ္စရပ်ကြောင့် ပြည်ပသို့ထွက်ခွာနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် ခိုင်လုံသောအကြောင်းပြချက်ဖြင့် လျှောက်ထားသူကို သက်ဆိုင်ရာနိုင်ငံသို့သွားရောက်ရန် လိုအပ်သလို သက်တမ်းနှင့် အခြေအနေသတ်မှတ်၍ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း။

၂၃။     ပြည်တွင်းတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက လျှောက်ထားသူထံ တိုက်ရိုက်ထုတ်ပေးရမည်။

၂၄။     ပြည်ပတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ပြန်လည်လျှောက်ထားခြင်းနှင့် မွေးတိုးလျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ပနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အဖွဲ့ရုံးက လျှောက်ထားသူထံ တိုက်ရိုက်ထုတ်ပေးရမည်။

၂၅။     သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းသည် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရက်မှစ၍ ငါးနှစ်ဖြစ်သည်။

၂၆။     သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက တာဝန်ဖြင့် ပြည်ပနိုင်ငံသို့ စေလွှတ်မည့် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်ကအထူးကိစ္စရပ်ဖြင့် စေလွှတ် သည့် ပုဂ္ဂိုလ်အတွက် အထူးနိုင်ငံကူးလက်မှတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက လျှောက်ထားသည့် ဌာနသို့ထုတ်ပေးပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် မှတ်တမ်းတင်ရန် အချက်အလက် များကို ပေးပို့ရမည်။

၂၇။     ပြည်ပနိုင်ငံတွင် သံတမန်ရေးရာတာဝန် ထမ်းဆောင်မည့် သံတမန်များ၊ သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိကြီးများအတွက် သံတမန်နိုင်ငံကူးလက်မှတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက လျှောက်ထားသည့်ဌာနသို့ ထုတ်ပေးပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့တွင် မှတ်တမ်းတင်ရန် အချက်အလက်များကို ပေးပို့ရမည်။

၂၈။     အထူးနိုင်ငံကူးလက်မှတ် ရရှိသူသည်-

(က)    အောက်ပါအခြေအနေတစ်ရပ်ရပ်ဖြစ်ပေါ်သည့်အခါ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းသို့ အပြီးတိုင် ပြန်လည်အပ်နှံရမည်-

( ၁ )   ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခြင်း၊

( ၂ )   ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခြင်း၊

( ၃ )   ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခြင်း၊

( ၄ )   ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခံရခြင်း၊

( ၅ )   ရာထူးမှ နုတ်ပယ်ခံရခြင်း၊

( ၆ )   သေဆုံးခြင်း။

( ခ )    ပြည်ပခရီးစဉ်ပြီးဆုံးပါက အထူးနိုင်ငံကူးလက်မှတ်ကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းသို့ ယာယီအပ်နှံရမည်။

၂၉။     မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် အောက်ပါအခြေအနေတစ်ရပ်ရပ် စိစစ် တွေ့ရှိပါက  မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်သည်-

(က)    မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူဖြစ်ကြောင်း အထောက်အထား တင်ပြ နိုင်ခြင်း မရှိသူဖြစ်ခြင်း၊

( ခ )    နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူဖြစ်ခြင်း၊

( ဂ )    မရိုးမဖြောင့်သောသဘောဖြင့် လိမ်လည်လှည့်ဖြားလျှောက်ထားသူဖြစ်ခြင်း၊

(ဃ)    ပြစ်ဒဏ်ကျခံနေရသူဖြစ်ခြင်း၊

( င )    ပြစ်မှုတစ်ခုခုဖြင့်အရေးယူခံရ၍ တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာနက နိုင်ငံကူး လက်မှတ်ထုတ်မပေးရန် တင်ပြချက်လက်ခံရရှိခြင်း၊

( )    နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း၊

(ဆ)    ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုထားပြီး သတ်မှတ်ကာလမပြည့်သေးသူ၊ 

( ဇ )    တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တရားရုံးက ခံဝန်ချုပ် ချုပ်ထားသည့် ကာလမပြည့်သေးသူ၊

( )    သက်ဆိုင်ရာ ပြည်ပနိုင်ငံ၏ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက် ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူ ဖြစ်ခြင်း။

၃၀။    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် အောက်ပါအခြေအနေတစ်ရပ်ရပ် စိစစ်တွေ့ရှိ ပါက ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ရမည်-

(က)    မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းကြောင့် အသစ်ပြန်လည်ထုတ်ပေးရန် လျှောက်ထားခြင်း၊

( ခ )    မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူကို နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း၊  

( ဂ )    မြန်မာနိုင်ငံကူးလက်မှတ်ကို ဆက်လက်အသုံးပြုရန် မသင့်လျော်လောက်အောင် ပျက်စီး သို့မဟုတ် ညစ်နွမ်းနေခြင်း။

၃၁။    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်းပြုပါက ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရသူထံ သတ်မှတ်ချက်နှင့်အညီ အကြောင်းကြားရမည်။

၃၂။     မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူး လက်မှတ်ကို ပယ်ဖျက်ခြင်းခံရသူသည် အကြောင်းကြားချက်ပေးပို့သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ အယူခံဝင်ရောက်နိုင်သည်။

၃၃။    (က)    ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မ ၃၂ အရ အယူခံလျှောက်ထားမှုကို စိစစ်ပြီး အောက်ပါအမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်-

( )   အယူခံလျှောက်ထားမှုကို ပလပ်ခြင်း၊

( )   မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခြင်း သို့မဟုတ် အတည်ပြုခြင်း။

( )   ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်။

၃၄။    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် ပုဒ်မ ၃၃ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

 

အခန်း()

တားမြစ်ချက်များ

၃၅။    မည်သူမျှ-

(က)    မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အချက်အလက်အထောက်အထားများကို မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော အကြံဖြင့်ဖြစ်စေ မမှန်မကန်ဖော်ပြခြင်း၊ တင်ပြခြင်း မပြုရ၊

( ခ )    တရားဝင်ကိုင်ဆောင်ခွင့်ရရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို အခြားသူတစ်ဦးဦးအား ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးခြင်း မပြုရ၊

( ဂ )     အတု သို့မဟုတ် ဆင်တူယိုးမှား ပြုလုပ်ထားသော မြန်မာနိုင်ငံကူးလက်မှတ်ကို လက်ဝယ်ထားခြင်း သို့မဟုတ် ကိုင်ဆောင်အသုံးပြုခြင်း မပြုရ၊

()    မိမိကိုင်ဆောင်ခွင့်မရှိသော မြန်မာနိုင်ငံကူးလက်မှတ်ကို မရိုးမဖြောင့်သော သဘောဖြင့် လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်း၊ တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရ၊

( င )    မြန်မာနိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်ခြင်း၊ ဆင်တူယိုးမှားပြုလုပ်ခြင်း သို့မဟုတ် အတု သို့မဟုတ် ဆင်တူယိုးမှားပြုလုပ်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို ရောင်းချခြင်း မပြုရ။

၃၆။    မည်သူမျှ-

(က)     မြန်မာနိုင်ငံကူးလက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးစေခြင်း မပြုရ၊

( ခ )    မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် မှတ်တမ်းစာအုပ်တွင် မရိုးမဖြောင့်သော သဘောဖြင့် မမှန်မကန်ရေးသွင်းခြင်း သို့မဟုတ် ရေးသွင်းစေခြင်း မပြုရ။

၃၇။     မည်သူမျှ -

(က)     သက်တမ်းရှိနေသော သာမန်နိုင်ငံကူးလက်မှတ်ကို တစ်ခုထက်ပို၍ လက်ဝယ်ထားခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုရ။

( ခ )     ပယ်ဖျက်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်ကို အသုံးမပြုရ။       

၃၈။      မည်သူမျှ ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်ခြင်း၊ အားပေး ကူညီခြင်း မပြုရ။

 

အခန်း()

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၉။    မည်သူမဆို-

(က)    ပုဒ်မ ၃၅ ပုဒ်မခွဲ(က)ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် သုံးလမှ အများဆုံး ထောင်ဒဏ် တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် ငါးသိန်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

( ခ )    ပုဒ်မ ၃၅ ပုဒ်မခွဲ(ခ)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် သုံးလမှ အများဆုံး ထောင်ဒဏ် တစ်နှစ်ထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ် သုံးသိန်းကျပ်မှ အများဆုံး ငွေဒဏ် ငါးသိန်းကျပ်အထိ ချမှတ်နိုင်သည်။

( ဂ )    ပုဒ်မ ၃၅ ပုဒ်မခွဲ(ဂ)ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ် ငါးသိန်းကျပ်မှ အများဆုံး ငွေဒဏ် ၁၀ သိန်းကျပ်အထိ ချမှတ်နိုင်သည်။

(ဃ)    ပုဒ်မ ၃၅ ပုဒ်မခွဲ(ဃ) သို့မဟုတ် ပုဒ်မခွဲ(င)တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံးထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ် ၁၀ သိန်းကျပ်မှ အများဆုံးငွေဒဏ် ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်သည်။

၄၀။    မည်သူမဆို ပုဒ်မ ၃၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် သုံးလမှ အများဆုံးထောင်ဒဏ် တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် ငါးသိန်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၁။    မည်သူမဆို ပုဒ်မ ၃၇ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ် ငါးသိန်းကျပ်မှ အများဆုံးငွေဒဏ် ၁၀ သိန်းကျပ်အထိ ချမှတ် နိုင်သည်။

၄၂။     ဤဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ထပ်မံ ကျူးလွန်ပါက ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည်။

၄၃။    မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ရာတွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေး ကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့်ပြစ်ဒဏ်အတိုင်း ချမှတ်ခြင်းခံရမည်။

 

အခန်း()

အထွေထွေ

၄၄။    ဤဥပဒေ ပုဒ်မ ၃၉ ပုဒ်မခွဲ(က)၊ (ခ)နှင့် ပုဒ်မ ၄၀ ပါ ပြစ်မှုများကို ရဲအရေးပိုင်သောပြစ်မှုများ အဖြစ် သတ်မှတ်သည်။

၄၅။    တည်ဆဲဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေဖြင့်သာ အရေးယူရမည်။

၄၆။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က)    ပြည်ထဲရေးဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

( ခ )    ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သည် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သည်။

၄၇။    မြန်မာနိုင်ငံကူးလက်မှတ်အက်ဥပဒေ(The Myanmar Passport Act.,Act XXXIV,1920)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

                                   

                                                                                                  (ပုံ) မင်းအောင်လှိုင်

                                                                                                     ဗိုလ်ချုပ်မှူးကြီး

                                                                                                       ယာယီသမ္မတ