၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့ ဆက်လက်ဖြေဆို နေပြည်တော်၊ ၂၀၂၆ မတ် ၁၇

Tuesday, March 17, 2026 - 15:30

          ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင် စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့ စာမေးပွဲဖြေဆိုမှု ဆဋ္ဌမနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စက်မှုအတတ် ပညာတွင်( လက်သမားအတက်ပညာနှင့် သစ်သားလုပ်ငန်းဘာသာရပ်၊ စက်မှုလုပ်ငန်းသုံးလျှပ်စစ် မော်တာ ထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ်စားမှုနည်းပညာဘာသာရပ်)၊ စိုက်ပျိုးရေးအတတ်ပညာ တွင်(လူမှုရေးသိပ္ပံဘာသာရပ်)နှင့် မွေးမြူရေးအတတ်ပညာတွင်(စားမြုံ့ပြန်သတ္တဝါမွေးမြူထုတ်လုပ် ရေးဘာသာရပ်) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုကြရာတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၆၂၄ ဦး (၉၄ ဒသမ ၇၄ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ စက်မှု အတတ်ပညာတွင် (လက်သမားအတက်ပညာနှင့် သစ်သားလုပ်ငန်းဘာသာရပ်၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ်မော်တာ ထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ်စားမှုနည်းပညာဘာသာရပ်)၊ စိုက်ပျိုးရေးအတတ်  ပညာတွင် (လူမှုရေးသိပ္ပံဘာသာရပ်)နှင့် မွေးမြူရေးအတတ်ပညာတွင် (စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေးဘာသာရပ်)တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း အသီးသီးဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေး လျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ် ခဲ့ရာ ယနေ့တွင် စာမေးပွဲဖြေဆိုမှု နောက်ဆုံးရက်အဖြစ် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း နှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၁၈ ရက်နေ့ အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စာမေးပွဲအင်တာဗျူး(၁၇-၃-၂၀၂၆)

၁။      ယခုဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကလေးတွေအနေနဲ့ အေးချမ်း စွာဖြေ ဆိုနိုင်ခဲ့ကြပါတယ်။ အခုလို ဖြေဆိုနိုင်ဖို့အတွက် ကလေးတွေအနေနဲ့လည်း သင်ယူ ထားတဲ့ လေ့ကျင့်ခန်းတွေကို ကောင်းမွန်စွာ ကျက်မှတ်လေ့ကျင့်ခဲ့ကြပါတယ်။ အခုလို စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ တာဝန်ရှိကြီး ကြပ်ရေးမှူး ဆရာမကြီးနှင့်တကွ လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါတယ်။ ကလေးတွေဖြေဆိုဖို့အတွက် သက်ဆိုင်ရာဘာသာရပ် ဆရာ၊ ဆရာမများဘက်ကလည်း ကလေးတွေအတွက် အချိန်ပိုတွေ ခေါ်ယူသင်ကြားပေးတာတွေ၊ မေးခွန်းဟောင်းတွေ လေ့ကျင့်ပေးတာတွေကို ဆောင်ရွက် ခဲ့ကြပါတယ်။ ကလေးတွေ အနေနဲ့လည်း အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြပါတယ်။ ဒီ ကျောင်းကြီးမှာ အနာဂါတ်မှာ စက်မှုစိုက် ပျိုးမွေးမြူရေး ကဏ္ဍတွေမှာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလူငယ်တွေ ပေါ်ထွန်းလာဖို့ အတွက် ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

၂။       ကလေးအပေါ်မှာတော့ မူတည်တာပေါ့။ ကလေးကအမှတ်ကောင်းလာရင်တော့ ကျွန်တော်ကတော့ ကျွန်တော့်ရည်မှန်ချက် အောင်မြင်ပြီလို့ကျွန်တော်ကတော့ တွက်ပါ တယ်။ ကျောင်းသားတွေလည်း အများကြီးကြိုးစားကြပါ။ G 12 စာမေးပွဲကို နှစ်ချင်း ပေါက်အောင်မြင် အောင်ကြိုးစားကြပါလို့ ကျွန်တော်က ပြောချင်ပါတယ်။

၃။      Bio တွဲနဲ့ဖြေတာပါ။ ကျေနပ်အားရမှုအရှိဆုံးကတော့ သင်္ချာရယ်၊ ရူပဗေဒရယ် ကတော့ ကျေနပ်အားရမှုရှိပါတယ်။ ဖြစ်ချင်တာက ဆရာဝန်ပေါ့။ ဒါပေမယ့်လည်း အမှတ်စာရင်းကြည့် ပြီးမှ ရတဲ့အမှတ်ကို အောင်မြင်အောင်လုပ်ရမှာပေါ့။