၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင် စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့ စာမေးပွဲဖြေဆိုမှု ပဉ္စမနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ စက်မှုအတတ်ပညာ (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံကာကွယ်ရေး)နှင့် မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုကြရာတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် တို့ကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၆၄၉ ဦး (၉၄ ဒသမ ၇၅ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ စက်မှုအတတ်ပညာ (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံကာကွယ်ရေး)နှင့် မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေး နှင့် ပျားမွေးမြူရေး) ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း အသီးသီးဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေး လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
















