မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၉ ဦးအား မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မတ် ၁၅ ရက်

Sunday, March 15, 2026 - 15:30

‌          မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက် နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီး၌  တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ မတ် ၁၄ ရက်တွင်  တရားမဝင် ပြည်ပနိုင်ငံသား  ၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

အလားတူ ယနေ့တွင်လည်း  မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၆၅၀ ခန့်အကွာနေရာ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက် ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက မွန်းလွဲ ၁၂ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၆၅၀ ခန့် အကွာအနီးရှိ တောအုပ် အတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသမီး ၁ ဦး၊ ရုရှားနိုင်ငံသား အမျိုးသမီး ၁ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆၉ ဦးတို့ကို ထပ်မံဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၉ ဦးတို့အား မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက် များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်‌ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။