စက်သုံးဆီအရောင်းဆိုင်များတွင် Barcode/ QR Code များအသုံးပြုမှု အခြေအနေနှင့် နိုင်ငံတကာနှင့်ပြည်တွင်းဈေးနှုန်းနှိုင်းယှဉ်ချက်အား အသိပေးထုတ်ပြန်ခြင်း နေပြည်တော်၊ မတ် ၁၄

Saturday, March 14, 2026 - 17:00

စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ ၁၂-၃-၂၀၂၆ ရက်‌နေ့မှစတင်၍ နေပြည်တော်ကောင်စီနယ်မြေ ၊ ရန်ကုန် မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသည့် Barcode နှင့် မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက် အလက်များကို အသုံးပြု၍ QR Code ထုတ်ပေးပြီး Application ဖြင့် စစ်ဆေးသည့်နည်းလမ်းကို အသုံးပြုဆောင်ရွက်လျက်ရှိပြီး ပိုမို၍ အဆင်ပြေကောင်းမွန်လာစေရန် Application Software နည်းပညာ ပိုင်းဆိုင်ရာမြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၃-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး မြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ Application  အသုံးပြု၍ စိစစ်ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် ၆၂,၀၁၇ စီး နှင့် မော်တော်ဆိုင်ကယ် ၅၆,၀၈၀ စီးကို အဆင်ပြေချောမွေ့စွာ ရောင်းချပေးနိုင်ခဲ့ပါသည်။ ယင်းသို့ စမ်းသပ်အသုံးပြုရာတွင် အချို့ယာဉ်များ၏ Wheel Tax Barcode များမှာ ဆေးရောင်မှိန်သည့်အတွက် Scan ဖတ်ရန်အခက်အခဲရှိခြင်း၊ Wheel Tax ၏ Barcode တွင်ပါဝင်သည့် ယာဉ်၏ အချက်အလက်နှင့် စနစ်၏အချက်အလက်များအကြား ကွဲလွဲမှုအချို့တွေ့ရှိရခြင်း၊ အချို့ ယာဉ်များမှာ တစ်ရက် အတွင်း ထပ်မံပြန်လည်ဝယ်ယူရန် ကြိုးစားခြင်းများကိုစိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယာဉ်၏အချက်အလက် များပိုမိုပြည့်စုံမှန်ကန်စေရေး သက်ဆိုင်ရာ ဌာနနှင့်ညှိနှိုင်းပေါင်းစပ်‌ ဆောင်ရွက်လျက်ရှိပါသည်။

Barcode ဖတ်မရသည့် ယာဉ်များအတွက်အရောင်းဆိုင်များတွင် ယာဉ်၏ အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR Code များထုတ်ပေးခြင်းစနစ်ကို ၁၅-၃-၂၀၂၆ ရက်နေ့မှစတင်၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း Wheel Tax Barcode ဖတ်မရသည့်ကိစ္စနှင့်ပတ်သက်၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အမြန်ဆုံး သွားရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များအတွက် စက်သုံးဆီဖြည့်လိုပါက Scan ထပ်မံဖတ်ရန် မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာကိုပြသ၍ အဝေးပြေးလမ်းမကြီး များရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားခရီးဝေး(မိုင် ၁၀၀ အထက်)မြို့များရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် ထပ်မံဝယ်ယူ နိုင်မည်ဖြစ်ပါသည်။

 လက်ရှိအခြေအနေတွင် နိုင်ငံတကာစက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှလျင်မြန်စွာမြင့် တက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ရေနံအကျပ်အတည်းမဖြစ်မီ နိုင်ငံတကာ စက်သုံး ဆီ‌ဈေးနှုန်းနှင့် ၁၃-၃-၂၀၂၆ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများနှိုင်းယှဉ်ရာတွင် ဓာတ်ဆီ အုပ်စုတွင် ၇၀ ရာခိုင်နှုန်းကျော်နှင့် ဒီဇယ်အုပ်စုတွင် ၁၀၀ ရာခိုင်နှုန်းကျော်မြင့်တက်သည်ကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ နိုင်ငံတကာ ဈေးနှုန်းသိသာစွာမြင့်တက်လာသော်လည်း နိုင်ငံတော်အစိုးရနှင့် မြန်မာ နိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးဆောင်ရွက်လျက်ရှိရာ အကျပ်အတည်းမဖြစ်မီဈေးနှုန်းနှင့် ၁၃-၃-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဈေးနှုန်းများမှာ ဓာတ်ဆီ အုပ်စုတွင်  ၁၂ ရာခိုင်နှုန်းနှင့် ဒီဇယ်အုပ်စုတွင်  ၂၃ ရာခိုင်နှုန်း သာမြင့်တက်သည်ကိုတွေ့ရှိရမည်ဖြစ်ပါသည်။

နိုင်ငံတော်အတွင်း စက်သုံးဆီသိုလှောင်ထားမှုအနေဖြင့် ဓာတ်ဆီအုပ်စုတွင် ရက် ၄၀ ၊ ဒီဇယ်အုပ်စုတွင် ရက် ၅၀ အတွက် သိုလှောင်ထားရှိပြီး သီလဝါတွင်ဆီချရန်ရောက်ရှိနေသည့် ဆီတင် သင်္ဘော ၃ စီး၊ Pilot တွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘော ၂ စီး၊ လမ်းခရီးတွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘော ၃ စီး၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် ဆီတင်သင်္ဘော ၁၂ စီး၊ စုစုပေါင်း ဆီတင်သင်္ဘော ၂၀ စီးရှိပါသည်။ ထို့အပြင် မတ်လအတွင်း စက်သုံးဆီသင်္ဘော ၁၉ စီး ထပ်မံတင်သွင်းရန်လည်း စီမံထားရှိပြီး ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင် စက်သုံးဆီသိုလှောင် ထားမှုပမာဏ ထပ်မံမြင့်တက်လာမည်ဖြစ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံး ညီတူညီမျှလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် အစဉ်တစိုက် စီမံဆောင်ရွက်လျက်ရှိပါ သဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ သတင်း ထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန