၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင် စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့ စာမေးပွဲဖြေဆိုမှု စတုတ္ထနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ဓာတုဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်၊ စက်မှုအတတ် ပညာ(ပေါင်းစပ်သိပ္ပံ)ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး (၃)) ဘာသာရပ် တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရာတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်တို့ကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၇၁၇ ဦး (၉၄ ဒသမ ၇၈ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ စက်မှု အတတ်ပညာ(ပေါင်းစပ်သိပ္ပံ) ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး(၃)) ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ စုစုပေါင်း ၂၈၆၉ ဦး (၉၉ ဒသမ ၂၇ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း အသီးသီးဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေး လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၆ ရက် (တနင်္လာနေ့)တွင် ရူပဗေဒ ဘာသာ ရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၇ ရက် (အင်္ဂါနေ့)တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ဆက်လက်ဖြေဆိုကြရမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း မတ်လ ၁၈ ရက်အထိ ဆက်လက်ဖြေဆိုရမည်ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။
စာမေးပွဲအင်တာဗျူး(၁၄.၃.၂၀၂၆)
၁။ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းကျောင်းက ကလေးတွေကကျတော့ G-12 ဘာသာရပ်မှာ မွေးမြူရေးဘာသာရပ်ကမရှိပါဘူး။ ဒီနေ့ စက်မှုနဲ့စိုက်ပျိုးရေးဘာသာရပ်တွေ ကို ဖြေဆိုကြရတာဖြစ်ပါတယ်။ ကလေးတွေရဲ့ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ အခြေအနေတွေကတော့ အားလုံးကောင်းမွန်ပါတယ်။ မိဘတွေရော ရပ်ကွက်ကတာဝန်ရှိသူ တွေရော အားလုံး ကလေးတွေအတွက် အာဟာရဒါနကအစ အားလုံးပံ့ပိုးကူညီကြပါတယ်။ ကျွန်မတို့ကိုလည်း ပညာရေးဌာနတွေမဟုတ်ဘဲနဲ့ အခြား ဌာနဆိုင်ရာအားလုံး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြလို့ အထူးပဲအောင်မြင်ခဲ့ကြပါတယ်။ အဆင်ပြေပြေချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ထပ်ဖြေဆိုရမယ့် နှစ်ဘာသာကျန်ပါသေးတယ်။ အဲဒီဖြေဆို ရမယ့်ဘာသာတွေကိုလည်း အားလုံးချောချောမွေ့မွေ့ဖြေဆိုနိုင်အောင်လို့ ကျွန်မတို့ကစီစဉ် ထားပါတယ်။ ကလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့အနာဂတ်အတွက် အားမလျော့ဘဲနဲ့ ကြိုးကြိုးစားစားအောင်အောင်မြင်မြင်နဲ့ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
၂။ စာမေးပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတဲ့အပိုင်းတွေကတော့ အများကြီးရှိတာပေါ့။ အချိန်တွေရော၊ လူတွေရောပင်ပန်းပြီးတော့မှ တစ်နှစ်ပတ်လုံးကြိုးစားထားရတဲ့အချိန် တွေက အများကြီးရှိပါတယ်။ ဘယ်လိုလေ့လာခဲ့လည်းဆိုတော့ အချိန်အပိုင်းအခြားနဲ့ အများကြီး ရင်းနှီးမြှပ်နှံပြီးတော့ လေ့ကျင့်ထားရပါတယ်။ ဘဝတစ်ဆစ်ချိုးပြေားလည်းမှာ ဆိုတော့ ဒီစာမေးပွဲက အောင်မြင်မှကိုဖြစ်မှာပါရှင်။ အရမ်းတော့ စိတ်လှုပ်ရှားရပါတယ်။
-အောင်မြင်စေချင်တာရယ်၊ သူတို့ဘဝအတွက်ကို ရှေ့တက်လမ်းလေးကို အန်တီတို့ဘက်က နေပြီးတော့ ပံ့ပိုးပေးချင်တာပေါ့နော်။ သူတို့နားချင်တဲ့အချိန်လေးနားရအောင်၊ သူတို့စားချင် တဲ့အချိန်လေးစားရအောင် အန်တီတို့ကစီစဉ်ပေးရပါတယ်။ စာမေးပွဲအတွက် အချိန် လေးတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ သူတို့အတွက်အန်တီဂရုစိုက်ပါတယ်။ ရည်မှန်းချက် ကတော့ အမြင့်ကြီးမှာဘဲပေါ့။ အမြင့်ကြီးထားထားပါတယ်။ သူတို့အားလုံးအောင်မြင် ပါစေပေါ့။ သမီးလေးလည်း ဂုဏ်ထူးတွေအများကြီးနဲ့အောင်စေချင်တယ်။ ဖြေဆိုတဲ့ ကလေးတွေ အားလုံးကိုအောင်စေချင်တယ်။
၃။ ကျောင်းသားအားလုံးစိတ်အေးချမ်းသာစွာနဲ့ စာတွေကိုကျက်မှတ်နိုင်အောင် အေးအေး သက်သာနဲ့စိတ်အေးချမ်းသာစွာဖြေနိုင်ဖို့ရာအတွက် ကျွန်မတို့ကြီးကြပ် ရေးမှူးတွေအပါအဝင် ပညာရေးဌာနကလူတွေ အကုန်လုံး၊ ကျန်းမာရေးနဲ့ကျန်းမာရေး ဆိုင်ရာ၊ ဌာနဆိုင်ရာအားလုံး ကနေပြီးတော့ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ်။ ကလေးတွေအားလုံး စာမေးပွဲကို အခက်အခဲမရှိ စိတ်အေးချမ်းသာစွာ၊ လုံခြုံမှုရှိစွာဖြင့် ဖြေဆိုနိုင်ကြပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲကြီးကို ထူးချွန်စွာနဲ့အောင်မြင်ပြီးတော့ သူတို့ရည်မှန်းချက်ပန်းတိုင်အတိုင်း လျှောက်လှမ်းချင်တဲ့တက္ကသိုလ်ကို ဆက်ပြီးတော့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။






















