မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၈၆ ဦးအား မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီးရှိ အဆောက်အအုံများနှင့် နေအိမ်များ၌ ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မတ် ၁၄ ရက်

Saturday, March 14, 2026 - 16:45

‌          မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက် နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀၀ ခန့်အကွာနေရာ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးရာ မတ် ၁၄ ရက် ယနေ့ညနေ ၄ နာရီခန့်တွင် မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် ၂၅၀၀ မီတာအကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသား ၁ ဦးနှင့် ထိုင်းနိုင်ငံသား အမျိုးသမီး ၁ ဦး စုစုပေါင်း ၄၅ ဦးကိုလည်းကောင်း၊ မဲထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် ၂၈၀၀ မီတာအကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၇ ဦးကိုလည်းကောင်း၊ မဲထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် ၂၇၀၀ မီတာ အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံ သား အမျိုးသား ၁၀ ဦး၊ မလေးရှား နိုင်ငံသား အမျိုးသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသမီး ၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသားအမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၄ ဦးကို လည်းကောင်း အသီးသီးတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ၊ မလေးရှားနိုင်ငံသား အမျိုးသား ၁ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ဦး၊ စုစုပေါင်းတရားမဝင် ပြည်ပနိုင်ငံသား  ၈၆ ဦးတို့အား မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။