၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် စတင်ဖြေဆို နေပြည်တော်၊ ၂၀၂၆ မတ် ၁၂

Thursday, March 12, 2026 - 16:45

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် စတင်ဖြေဆို

နေပြည်တော်၊ ၂၀၂၆ မတ် ၁၂

          ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ် ဌာနတို့၌ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁ ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး၊ စုစုပေါင်း ၂၆၈၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄၀၅၁ ဦး၊ ကျောင်းသူ ၁၅၀၈၉၅ ဦး၊ စုစုပေါင်း ၂၅၄၉၄၆ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ  ၉၄ ဒသမ ၈၆  ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမွေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး၊ စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅  ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ပြီး မတ် ၁၂ ရက် ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်းနှင့် မတ် ၁၃ ရက် သောကြာနေ့တွင် သင်္ချာဘာသာရပ် မတ် ၁၄ ရက် စနေနေ့တွင် ဓာတုဗေဒဘာသာ ရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၆ ရက် တနင်္လာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် တနင်္ဂနွေနေ့ အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေး တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၁၁ ရက် နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။