ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ယစ်မျိုးဥပဒေ
( အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၃ / ၂၀၂၆ )
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို ယစ်မျိုးဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ် သည့်နေ့ရက်မှ စတင်အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က) ယစ်မျိုး ဆိုသည်မှာ အရက်နှင့် ယစ်မျိုးသက်ဝင်ပစ္စည်းကို ဆိုသည်။
(ခ) အရက် ဆိုသည်မှာ အီသိုင်းလ်အယ်လ်ကိုဟော (Ethyl Alcohol) ပမာဏ ၀.၅ ရာခိုင်နှုန်းနှင့်အထက် ပါဝင်သည့် အရည်တစ်မျိုးမျိုး ကိုဆိုသည်။ ယင်းစကားရပ် တွင် ဘီယာ၊ ဝိုင်၊ ထန်းရည်၊ တည်အရက်နှင့် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အရက်ဖြစ်သည်ဟု သတ်မှတ်ထားသည့် အရည်တစ်မျိုးမျိုးလည်း ပါဝင်သည်။ သို့ရာတွင် မူလသတ္တိပျက်ပြီး အရက်မပါဝင်။
(ဂ) ယစ်မျိုးသက်ဝင်ပစ္စည်းဆိုသည်မှာ အရက်အာနိသင်ပါဝင်သည့် အရည် သို့မဟုတ် အရာဝတ္ထုကို ဆိုသည်။
(ဃ) ဘီယာ ဆိုသည်မှာ မုယောစပါး၊ ဘာလီ၊ ဂျုံ၊ ဆန်၊ ပြောင်းစသည့် ကောက်ပဲ သီးနှံတစ်မျိုးမျိုး သို့မဟုတ် သကြားကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန် တစ်မျိုးမျိုးကို အသုံးပြု ကစော်ဖောက်ကာ တဆေးပါဝင်သည့် အရည်ဖြင့်ရောနှော၍ ချက်လုပ် ရရှိလာသည့် အရည်တစ်မျိုးမျိုးကိုဆိုသည်။ ယင်းစကားရပ်တွင် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဘီယာဖြစ်သည်ဟု သတ်မှတ်ထားသည့်အရည် လည်း ပါဝင်သည်။
(င) ဝိုင် ဆိုသည်မှာ စပျစ်သီး အပါအဝင်သစ်သီးတစ်မျိုးမျိုး၊ သစ်ဥ၊ သစ်ဖု၊ ဟင်းသီး ဟင်းရွက်၊ ပန်း သို့မဟုတ် ပျားရည် အစရှိသည့် ပစ္စည်းတစ်မျိုးမျိုးကို သတ်မှတ် ထားသည့် ကုန်ကြမ်းပစ္စည်းနှင့်တဆေး အသုံးပြု၍ ကစော်ဖောက်ထားပြီး အီသိုင်းလ်အယ်လ်ကိုဟော (Ethyl Alcohol) ပမာဏ ၁၈ ရာခိုင်နှုန်းထက် မများသော အရည်ကို ဆိုသည်။
(စ) ထန်းရည် ဆိုသည်မှာ အုန်း၊ ထန်း၊ ဓနိ၊ ပေ စသည့် အပင်တစ်မျိုးမျိုးမှ ထွက်ရှိပြီး ကစော်ပေါက်သည့် အရည်ကို ဆိုသည်။
(ဆ) တည်အရက် ဆိုသည်မှာ ပေါင်းခံချက်လုပ်ခြင်းမပြုဘဲ သဘာဝအလျောက် ကစော် ပေါက်သည့် သို့မဟုတ် ကစော်ဖောက်ထားသည့် လှော်စာရည်၊ ခေါင်ရည်၊ စိမ်ရည် ကဲ့သို့သော အရည်တစ်မျိုးမျိုးကိုဆိုသည်။ ယင်းစကားရပ်တွင် ဘီယာ၊ ဝိုင်နှင့် ထန်းရည်တို့ မပါဝင်။
(ဇ) ပြည်တွင်းဖြစ်အရက် ဆိုသည်မှာ ပြည်တွင်း၌ ပေါင်းဖိုဖြင့် ဖြစ်စေ၊ စက်ရုံဖြင့် ဖြစ်စေ ချက်လုပ်ထားသော အရက်ပြင်းကိုသော်လည်းကောင်း၊ ယင်းအရက်ပြင်းကို သောက်သုံးရန် သင့်လျော်သော အရက်အဖြစ် သတ်မှတ်ချက်နှင့်အညီ ပြုပြင် ဖန်တီးထုတ် လုပ်ထားသည့် အရက်ကိုသော်လည်းကောင်း ဆိုသည်။
(ဈ) နိုင်ငံခြားအရက် ဆိုသည်မှာ ပြည်ပမှ တင်သွင်းသောအရက် သို့မဟုတ် နည်းလမ်း တစ်မျိုးမျိုးဖြင့် ပြည်ပမှတင်သွင်းပြီး၊ ပြည်တွင်း၌ ပုလင်းသွတ်ထားသော အရက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပြည်တွင်း၌ စက်ရုံခွဲတည်ထောင်၍ နိုင်ငံခြားကုမ္ပဏီတစ်ခုခု၏ ထုတ်ကုန်အမှတ်တံဆိပ်၊ ထုတ်ကုန်အမည်ကို အသုံး ပြုခွင့်ရယူကာ ယင်းကုမ္ပဏီ၏ သတ်မှတ်ကုန်ကြမ်းများ၊ နည်းစဉ်များနှင့်အညီ ထုတ်လုပ်ထားသည့် အရက်လည်း ပါဝင်သည်။
(ည) နိုင်ငံတကာအဆင့်မီပြည်တွင်းဖြစ်အရက် ဆိုသည်မှာ သတ်မှတ်နည်းလမ်းနှင့် သတ်မှတ်ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ပြည်တွင်း၌ ထုတ်လုပ်ထားသော ဘီယာ၊ ဝိုင်၊ ဝီစကီ၊ ဘရန်ဒီ၊ ဂျင်၊ ရမ်၊ ဗော်ဒ်ကာ၊ အရက်ချိုပြင်းစသည်တို့ အပါအဝင် အရက်တစ်မျိုးမျိုးကို ဆိုသည်။
(ဋ) မူလသတ္တိပျက်ပြီးအရက် ဆိုသည်မှာ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုရန်၊ လူသုံး ကုန်ပစ္စည်းတွင် ထည့်သွင်းအသုံးပြုရန် သို့မဟုတ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် ပြုပြင်ထားပြီး၊ သောက်သုံးရန် သင့်လျော်မှုမရှိသောအရက်ကို ဆိုသည်။
(ဌ) ယစ်မျိုးလိုင်စင် ဆိုသည်မှာ ဤဥပဒေပါ ယစ်မျိုးလုပ်ငန်းလုပ်ကိုင်ရန် ဦးစီးဌာနက ခွင့်ပြုသည့် လိုင်စင်ကို ဆိုသည်။
(ဍ) ယစ်မျိုးလုပ်ငန်း ဆိုသည်မှာ အရက်ကိုဖြစ်စေ၊ ယစ်မျိုးသက်ဝင်ပစ္စည်းကိုဖြစ်စေ ထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ခြင်း၊ ပုလင်းသွတ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းကိုဆိုသည်။ ယင်းစကား ရပ်တွင် ဦးစီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသည့် ယစ်မျိုး လုပ်ငန်းလည်း ပါဝင်သည်။
(ဎ) ထုတ်လုပ်ခြင်း ဆိုရာတွင် အောက်ပါတို့ ပါဝင်သည်-
(၁) အရက်ကို နည်းလမ်းတစ်ရပ်ရပ်ဖြင့် ထုတ်လုပ်ခြင်း၊
(၂) ယစ်မျိုးသက်ဝင်ပစ္စည်းကို ပြန်လည်ပေါင်းခံခြင်း၊
(၃) အရက်ကို စည်ဖြင့် နှစ်ချို့ခံခြင်း၊
(၄) အရက်ကို သန့်စင်အောင်ပြုလုပ်ခြင်း၊ အနံ့အရသာထည့်သွင်းခြင်း၊ တစ်စုံ တစ်ရာရောနှောခြင်း သို့မဟုတ် အရောင်ထည့်ခြင်း။
(ဏ) တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ခြင်း ဆိုသည်မှာ အရက်ကိုဖြစ်စေ၊ ယစ်မျိုး သက်ဝင်ပစ္စည်း ကိုဖြစ်စေ အဆင့်မြင့်နည်းပညာ အသုံးပြု၍ နိုင်ငံတကာအဆင့်မီ ထပ်မံပြုပြင်ဖန်တီးထုတ်လုပ်ခြင်းကို ဆိုသည်။
(တ) ပုလင်းသွတ်ခြင်း ဆိုသည်မှာ အရက်ကိုဖြစ်စေ၊ ယစ်မျိုးသက်ဝင်ပစ္စည်းကိုဖြစ်စေ ပုလင်း၊ သံဗူး၊ ခရား၊ တကောင်း စသည့် ထည့်စရာတစ်ခုခုအတွင်း ပြောင်းထည့် ခြင်းနှင့် ထပ်ဆင့်ရွှေ့ပြောင်းထည့်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် တံဆိပ်ကပ် ခြင်းလည်း ပါဝင်သည်။
(ထ) ဖြန့်ဖြူးခြင်း ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ရောင်းချရန် သတ်မှတ်ထားသည့်ပမာဏထက်ပို၍ ယစ်မျိုးလိုင်စင်ရှိသူထံ အရက်ကို ဖြစ်စေ၊ ယစ်မျိုးသက်ဝင်ပစ္စည်းကိုဖြစ်စေ လက်ကား လွှဲပြောင်းခြင်းကို ဆိုသည်။
(ဒ) ရောင်းချခြင်း ဆိုသည်မှာ ဝယ်ယူသူထံ အရက်ကိုဖြစ်စေ၊ ယစ်မျိုးသက်ဝင်ပစ္စည်း ကိုဖြစ်စေ လက်လီ လွှဲပြောင်းခြင်းကို ဆိုသည်။
(ဓ) သယ်ယူပို့ဆောင်ခြင်း ဆိုသည်မှာ နိုင်ငံတော်အတွင်း နေရာတစ်ခုမှ အခြားနေရာ တစ်ခုသို့ နည်းလမ်းတစ်မျိုးမျိုးဖြင့် ရွှေ့ပြောင်းခြင်းကိုဆိုသည်။
(န) ပြည်ပမှတင်သွင်းခြင်း ဆိုသည်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော်အတွင်းသို့ တင်သွင်းခြင်းကို ဆိုသည်။
(ပ) ပြည်ပသို့တင်ပို့ခြင်း ဆိုသည်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော် ပြင်ပသို့ တင်ပို့ခြင်းကို ဆိုသည်။
(ဖ) နေရာ ဆိုသည်မှာ မြေ၊ အဆောက်အအုံ၊ လှေ၊ ဖောင် သို့မဟုတ် ယာဉ်တစ်မျိုးမျိုး ကို ဆိုသည်။
(ဗ) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်။
(ဘ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကိုဆိုသည်။
(မ) ဦးစီးဌာန ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကို ဆိုသည်။
(ယ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကို ဆိုသည်။
(ရ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် နေပြည်တော် ယစ်မျိုးအရာရှိ ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးကို ဆိုသည်။
(လ) ခရိုင်ယစ်မျိုးအရာရှိ ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအကြီးအမှူး သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆိုသည်။
(ဝ) မြို့နယ်ယစ်မျိုးအရာရှိ ဆိုသည်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးကို ဆိုသည်။
(သ) ယစ်မျိုးကြီးကြပ်စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ယစ်မျိုးလုပ်ငန်းများကို ကြီးကြပ် စစ်ဆေးရန် ဤဥပဒေအရ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) အရက်နှင့် ယစ်မျိုးသက်ဝင်ပစ္စည်းကို အများပြည်သူသုံးစွဲမှု စနစ်ကျနမှု ရှိစေရန်၊
(ခ) နိုင်ငံတော်အတွက် ရသင့်ရထိုက်သော ယစ်မျိုးခွန်များ အပြည့်အဝရရှိစေရေး ကြီးကြပ်နိုင်ရန်၊
(ဂ) အရက်သောက်သုံးမှုအလေ့အထ လျော့နည်းစေရန်နှင့် အရက်သောက်သုံးမှု လျှော့ချနိုင်စေရန်၊
(ဃ) လူမှုရေး၊ ကျန်းမာရေးထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး အရည်အသွေးမြင့်မားသော အရက်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်း ဖြစ်စေရန်၊
(င) အရက်ကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊
(စ) အရက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်။
အခန်း(၃)
ယစ်မျိုးမူဝါဒကော်မတီဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ
၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကို တွဲဘက်အတွင်းရေးမှူးအဖြစ် လည်းကောင်း ပါဝင်စေလျက် ယစ်မျိုးမူဝါဒကော်မတီကို အများဆုံး ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်။
(ခ) လိုအပ်ပါက ယစ်မျိုးမူဝါဒကော်မတီကို ပုဒ်မခွဲ(က)ပါ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ယစ်မျိုးမူဝါဒကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယစ်မျိုးမူဝါဒများ ချမှတ်ခြင်း -
(၁) အရက်သောက်သုံးမှုကြောင့် လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် ထိန်းသိမ်းကာကွယ်ခြင်းကိစ္စ၊
(၂) အရက်နှင့် ယစ်မျိုးသက်ဝင်ပစ္စည်းတို့ကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းကိစ္စ၊
(၃) အရက်၊ ဘီယာ သို့မဟုတ် ဝိုင် စက်ရုံ တည်ထောင်ခြင်းကိစ္စ၊
(၄) အရက်အမျိုးအစားအလိုက် ထုတ်လုပ်မှု နည်းစဉ်သတ်မှတ်ခြင်းကိစ္စ၊
(ခ) အရက်၊ ဘီယာ သို့မဟုတ် ဝိုင် စက်ရုံ တည်ထောင်နိုင်ရန် အနည်းဆုံး ရင်းနှီးမြှုပ်နှံ ရမည့် ငွေကြေးပမာဏကို သတ်မှတ်ပေးခြင်း၊
(ဂ) အရက်စွဲသူများအတွက် ကုသရေးနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကိစ္စရပ်များ ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊
(ဃ) ယစ်မျိုးမူဝါဒများကို ငါးနှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြန်လည် သုံးသပ်ခြင်း။
အခန်း(၄)
ယစ်မျိုးစီမံခန့်ခွဲရေးနှင့် ယစ်မျိုးလုပ်ငန်းများကိုကြီးကြပ်ခြင်း
၆။ ညွှန်ကြားရေးမှူးချုပ်သည် ယစ်မျိုးစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ယစ်မျိုးလုပ်ငန်းများ ကို ကြီးကြပ်ရမည်။
၇။ ယစ်မျိုးအရာရှိအဆင့်ဆင့်သည် ယစ်မျိုးစီမံခန့်ခွဲခြင်းကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
၈။ သက်ဆိုင်ရာ ယစ်မျိုးအရာရှိသည် -
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ယစ်မျိုးခွန်ဥပဒေပါ ယစ်မျိုးခွန်ကောက်ခံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။
(ခ) ပြည်ထောင်စုနယ်မြေတွင် ယစ်မျိုးခွန်ကောက်ခံခြင်း လုပ်ငန်းများကို သတ်မှတ်ချက် နှင့်အညီ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။
၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသည်-
(က) (၁) သက်ဆိုင်ရာ ခရိုင်ယစ်မျိုးအရာရှိကို အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ သင့်လျော်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် ခရိုင်ယစ်မျိုးကြီးကြပ် စစ်ဆေးရေးအဖွဲ့ကို အများဆုံး ၇ ဦးဖြင့် ဖွဲ့စည်းရမည်။
(၂) သက်ဆိုင်ရာ မြို့နယ်ယစ်မျိုးအရာရှိကို အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ သင့်လျော်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် မြို့နယ်ယစ်မျိုးကြီးကြပ် စစ်ဆေးရေးအဖွဲ့ကို အများဆုံး ၇ ဦးဖြင့် ဖွဲ့စည်းရမည်။
(ခ) လိုအပ်ပါက သက်ဆိုင်ရာ ယစ်မျိုးကြီးကြပ်စစ်ဆေးရေးအဖွဲ့ကို ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
(ဂ) ယစ်မျိုးကြီးကြပ်စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။
(ဃ) အရက်ရောင်းချခြင်းဆိုင်ရာ အချိန်ကန့်သတ်ခြင်းနှင့် အရက်သောက်သုံးမှု နယ်မြေ ကန့်သတ်ခြင်းတို့ကို ပြုနိုင်သည်။
အခန်း(၅)
ယစ်မျိုးလိုင်စင် လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်း
၁၀။ ဦးစီးဌာနသည် ယစ်မျိုးနှင့်သက်ဆိုင်သော အောက်ပါလုပ်ငန်းများအတွက် သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်ကို ခွင့်ပြုနိုင်သည်-
(က) ထုတ်လုပ်ခြင်း၊
(ခ) တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ခြင်း၊
(ဂ) ပုလင်းသွတ်ခြင်း၊
(ဃ) ဖြန့်ဖြူးခြင်း၊
(င) ရောင်းချခြင်း၊
( စ ) ဦးစီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသည့် ယစ်မျိုး လုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်။
၁၁။ ဦးစီးဌာနသည် ပုဒ်မ ၁၀ ပါယစ်မျိုးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ယစ်မျိုးလိုင်စင်အမျိုးအစား ကိုလည်းကောင်း၊ ယစ်မျိုးလိုင်စင်အမျိုးအစားအလိုက် စည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ် ပေးရမည်။
၁၂။ အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ယစ်မျိုးလုပ်ငန်းကို လုပ်ကိုင်ရန် ယစ်မျိုး လိုင်စင်ကို လျှောက်ထားနိုင်သည်-
(က) မြန်မာနိုင်ငံသားဥပဒေပါ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ၊
(ခ) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် နိုင်ငံခြားသားအစုရှယ်ယာ ၄၉ ရာခိုင်နှုန်းနှင့်အောက် ပါဝင် သည့် နိုင်ငံခြားကုမ္ပဏီ၊
(ဂ) ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော မြန်မာနိုင်ငံသား တစ်ဦးတည်းပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများဖြင့်ဖွဲ့စည်းထားသော စီးပွားရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အစုစပ်လုပ်ငန်း အဖွဲ့အစည်း။
၁၃။ ပုဒ်မ ၁၀ ပါ ယစ်မျိုးလုပ်ငန်းတစ်ရပ်ရပ် ဆောင်ရွက်လိုသူသည် ယစ်မျိုးလိုင်စင်တစ်မျိုးမျိုး ရရှိရန် သက်ဆိုင်ရာခရိုင်ယစ်မျိုးအရာရှိထံ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။
၁၄။ (က) ခရိုင်ယစ်မျိုးအရာရှိသည်ပုဒ်မ ၁၃ အရ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ သတ်မှတ် ချက်နှင့် ညီညွတ်ခြင်းရှိ မရှိ မြို့နယ်ယစ်မျိုးအရာရှိကိုစိစစ်တင်ပြစေရမည်။
( ခ ) မြို့နယ်ယစ်မျိုးအရာရှိသည် စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်နှင့်အတူ ခရိုင် ယစ်မျိုးအရာရှိထံ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်။
( ဂ ) ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မခွဲ(ခ)အရ တင်ပြချက်ကို လက်ခံရရှိလျှင် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ယစ်မျိုးအရာရှိထံ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်။
(၂) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ယစ်မျိုးအရာရှိထံ သတ်မှတ်ချက် နှင့်အညီ တင်ပြရမည်။
၁၅။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် နေပြည်တော် ယစ်မျိုး အရာရှိသည် -
(က) ပုဒ်မ ၁၄ ပုဒ်မခွဲ(ဂ)အရ တင်ပြချက်ကို လက်ခံရရှိလျှင်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံရမည်။
(၂) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက် ကို တောင်းခံရမည်။
(ခ) ပုဒ်မခွဲ (က)အရ တောင်းခံသည့် သဘောထားမှတ်ချက် လက်ခံရရှိလျှင် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ဦးစီးဌာနသို့ တင်ပြရမည်။
၁၆။ ဦးစီးဌာနသည်-
(က) ပုဒ်မ ၁၅ ပုဒ်မခွဲ (ခ)အရ တင်ပြသော ယစ်မျိုးလိုင်စင်လျှောက်ထားမှုများနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး ယစ်မျိုးလိုင်စင် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ မိမိ၏ ဆုံးဖြတ်ချက်ကို ခရိုင်ယစ်မျိုးအရာရှိထံ အကြောင်းကြား ရမည်။
၁၇။ ပုဒ်မ ၁၆ ပုဒ်မခွဲ (က) အရ ခွင့်ပြုလျှင် ခရိုင်ယစ်မျိုးအရာရှိသည် သတ်မှတ်သည့် ယစ်မျိုး လိုင်စင်ကြေး ပေးသွင်းစေပြီး လျှောက်ထားသူအား ယစ်မျိုးလိုင်စင် ထုတ်ပေးရမည်။
၁၈။ (က) ယစ်မျိုးလိုင်စင်ရရှိသူသည် ယစ်မျိုးလိုင်စင်ကို သက်တမ်းတိုးလျှောက်ထားလိုလျှင် မြို့နယ် ယစ်မျိုးအရာရှိထံ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။
(ခ) မြို့နယ်ယစ်မျိုးအရာရှိသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်နှင့်အတူ ခရိုင်ယစ်မျိုး အရာရှိထံ တင်ပြရမည်။
၁၉။ ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မ ၁၈ ပုဒ်မခွဲ(ခ) အရ တင်ပြချက်ကို လက်ခံရရှိလျှင် သတ်မှတ်ချက် နှင့်အညီ စိစစ်ပြီး မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ယစ်မျိုးအရာရှိထံ တင်ပြရမည်။
(ခ) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ယစ်မျိုးအရာရှိထံ တင်ပြရမည်။
၂၀။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် နေပြည်တော် ယစ်မျိုးအရာရှိသည်-
(က) ပုဒ်မ ၁၉ အရ တင်ပြချက်ကို လက်ခံရရှိလျှင်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံရမည်။
(၂) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက် ကို တောင်းခံရမည်။
(ခ) ပုဒ်မခွဲ (က)အရ တောင်းခံသည့် သဘောထားမှတ်ချက် လက်ခံရရှိလျှင် သတ်မှတ် ချက်နှင့်အညီ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်နှင့်အတူ ဦးစီးဌာနသို့ တင်ပြ ရမည်။
၂၁။ ဦးစီးဌာနသည်-
(က) ပုဒ်မ ၂၀ ပုဒ်မခွဲ (ခ)အရ တင်ပြချက်အပေါ် သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး သက်တမ်းတိုးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ မိမိ၏ ဆုံးဖြတ်ချက်ကို ခရိုင်ယစ်မျိုးအရာရှိထံ အကြောင်းကြား ရမည်။
၂၂။ ပုဒ်မ ၂၁ ပုဒ်မခွဲ (က) အရ သက်တမ်းတိုးခွင့်ပြုလျှင် ခရိုင်ယစ်မျိုးအရာရှိသည် သတ်မှတ်သည့် ယစ်မျိုးလိုင်စင်သက်တမ်းတိုးကြေးပေးသွင်းစေပြီး လျှောက်ထားသူအား ယစ်မျိုးလိုင်စင် ထုတ်ပေး ရမည်။
၂၃။ (က) ဦးစီးဌာနသည် လေလံစနစ်ဖြင့် ခွင့်ပြုနိုင်သော ယစ်မျိုးလုပ်ငန်းအမျိုးအစားကို သတ်မှတ်နိုင်သည်။
(ခ) ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မခွဲ(က)အရ သတ်မှတ်သော ယစ်မျိုးလုပ်ငန်းကို လုပ်ကိုင်ရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်ထုတ်ပေးရမည်။
၂၄။ ယစ်မျိုးလိုင်စင်ကို မည်သည့်ရက်တွင် ထုတ်ပေးစေကာမူ ယင်း၏သက်တမ်းသည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်ရက်အထိသာ အတည်ဖြစ်သည်။
အခန်း(၆)
ယစ်မျိုးလိုင်စင်ရရှိသူ၏ တာဝန်များ
၂၅။ ယစ်မျိုးလိုင်စင်ရရှိသူသည် သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်ပါစည်းကမ်းချက်များကို လိုက်နာ ရမည့်ပြင် ယစ်မျိုးလုပ်ငန်းနှင့်သက်ဆိုင်သည့် စာရင်းနှင့် မှတ်ပုံတင်စာအုပ်များကို စနစ်တကျ စာရင်း ပြုစုထားရမည်။
၂၆။ ယစ်မျိုးလိုင်စင်ရရှိသူသည် ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာရမည်။
အခန်း(၇)
ယစ်မျိုးလိုင်စင်ရရှိသူအမည်၊ တည်နေရာ၊ လိုင်စင်အမျိုးအစားပြောင်းလဲခွင့်၊ လိုင်စင်ပိတ်သိမ်းခွင့် လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်း
၂၇။ အောက်ပါကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်လိုသူသည် သက်ဆိုင်ရာ ခရိုင်ယစ်မျိုး အရာရှိထံ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင်သည် -
(က) ယစ်မျိုးလိုင်စင်ရရှိသူအမည် ပြောင်းလဲခြင်း၊
(ခ) ယစ်မျိုးလိုင်စင်ရရှိထားသည့်တည်နေရာ ပြောင်းလဲခြင်း၊
(ဂ) ယစ်မျိုးလိုင်စင်အမျိုးအစားတစ်ခုမှ အခြားယစ်မျိုးလိုင်စင်အမျိုးအစားတစ်ခုသို့ ပြောင်းလဲခြင်း၊
(ဃ) ယစ်မျိုးလိုင်စင် ပိတ်သိမ်းခြင်း။
၂၈။ (က) ခရိုင်ယစ်မျိုးအရာရှိသည်ပုဒ်မ ၂၇ ပါကိစ္စတစ်ရပ်ရပ်အတွက် လျှောက်ထားချက် ကို လက်ခံရရှိလျှင် သတ်မှတ်ချက်နှင့် ညီညွတ်ခြင်းရှိ မရှိ မြို့နယ်ယစ်မျိုးအရာရှိ ကို စိစစ်တင်ပြစေရမည် ။
( ခ ) မြို့နယ်ယစ်မျိုးအရာရှိသည် စိစစ်ပြီး မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ခရိုင်ယစ်မျိုးအရာရှိထံ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်။
( ဂ ) ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မခွဲ(ခ)အရ တင်ပြချက်ကို လက်ခံရရှိလျှင်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ယစ်မျိုးအရာရှိထံ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ တင်ပြရမည်။
(၂) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ယစ်မျိုးအရာရှိထံ မိမိ၏ သဘော ထားမှတ်ချက်နှင့်အတူ တင်ပြရမည်။
၂၉။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် နေပြည်တော် ယစ်မျိုး အရာရှိသည်-
(က) ပုဒ်မ ၂၈ ပုဒ်မခွဲ(ဂ)အရ တင်ပြချက်ကို လက်ခံရရှိလျှင်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံ ရမည်။
(၂) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက် ကို တောင်းခံရမည်။
(ခ) ပုဒ်မခွဲ (က)အရ တောင်းခံသည့် သဘောထားမှတ်ချက်ကို လက်ခံရရှိလျှင် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ဦးစီးဌာနသို့ တင်ပြရမည်။
၃၀။ (က) ဦးစီးဌာနသည် ပုဒ်မ ၂၉ ပုဒ်မခွဲ (ခ)အရ တင်ပြချက်ကို လက်ခံရရှိလျှင် သတ်မှတ် ချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး လျှောက်ထားသည့်ကိစ္စကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မ ၂၇ ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် (ဂ)ပါ ပြောင်းလဲခြင်းအတွက် ခွင့်ပြုချက် ရရှိသူသည် သတ်မှတ်သည့် ယစ်မျိုးလိုင်စင်ကြေးကို ပေးသွင်းရမည်။
အခန်း(၈)
အရက်သိုလှောင် ခွင့်ပြုမိန့် လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်း
၃၁။ သက်ဆိုင်ရာယစ်မျိုးလိုင်စင်ရရှိသူသည် မိမိထုတ်လုပ်သည့်အရက် သို့မဟုတ် ဖြန့်ဖြူးခွင့် ရှိသည့် အရက်ကို ယစ်မျိုးလိုင်စင်ပါ မူလခွင့်ပြုထားသည့် နေရာအပြင် အခြားနေရာတွင် သိုလှောင်ခြင်း ပြုလုပ်လိုလျှင် အရက်သိုလှောင်ခွင့်ပြုမိန့်ရရှိရန် သက်ဆိုင်ရာ ခရိုင်ယစ်မျိုးအရာရှိထံ သတ်မှတ်ချက် နှင့်အညီ လျှောက်ထားရမည်။
၃၂။ ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မ ၃၁ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ယစ်မျိုးအရာရှိထံ မိမိ၏သဘောထားမှတ်ချက်နှင့်အတူ တင်ပြရမည်။
(ခ) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော် ယစ်မျိုးအရာရှိထံ မိမိ၏သဘောထား မှတ်ချက်နှင့်အတူ တင်ပြရမည်။
၃၃။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် နေပြည်တော် ယစ်မျိုး အရာရှိသည်-
(က) ပုဒ်မ ၃၂ အရ တင်ပြချက်ကို လက်ခံရရှိလျှင် မိမိ၏သဘောထားမှတ်ချက်နှင့်အတူ-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တင်ပြ တောင်းခံရမည်။
(၂) ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်ကောင်စီ၏ သဘောထား မှတ်ချက်ကို တင်ပြတောင်းခံရမည်။
(ခ) ပုဒ်မခွဲ (က)အရ တောင်းခံသည့် သဘောထားမှတ်ချက်ကို လက်ခံရရှိလျှင် ယင်းသဘောထားမှတ်ချက်နှင့်အညီဆောင်ရွက်ရန် သက်ဆိုင်ရာ ခရိုင်ယစ်မျိုး အရာရှိထံ ညွှန်ကြားရမည်။
၃၄။ ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မ ၃၁ အရ အရက်သိုလှောင်ခွင့်ပြုမိန့် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ပုဒ်မ ၃၃ ပုဒ်မခွဲ (ခ)ပါ ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်ရမည်။
၃၅။ ဦးစီးဌာနသည် ယစ်မျိုးလိုင်စင်ရယူရန်မလိုဘဲ လက်ဝယ်ထားပိုင်ခွင့်ရှိသော အရက် အမျိုးအစားအလိုက် အရေအတွက်၊ ပမာဏကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ် နိုင်သည်။
အခန်း(၉)
အရက်သယ်ယူပို့ဆောင်ခွင့်လက်မှတ် လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်း
၃၆။ သက်ဆိုင်ရာယစ်မျိုးလိုင်စင်ရရှိသူသည် မိမိထုတ်လုပ်သည့်အရက် သို့မဟုတ် ဖြန့်ဖြူးခွင့် ရှိသည့် အရက်ကို ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရှိသူ သို့မဟုတ် ရောင်းချခြင်းဆိုင်ရာ ယစ်မျိုး လိုင်စင်ရှိသူထံ သယ်ယူပို့ဆောင်ခြင်းပြုလိုလျှင် သက်ဆိုင်ရာ ခရိုင်ယစ်မျိုးအရာရှိထံ သတ်မှတ်ချက် နှင့်အညီ လျှောက်ထားရမည်။
၃၇။ ခရိုင်ယစ်မျိုးအရာရှိသည် ပုဒ်မ ၃၆ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင်-
(က) သတ်မှတ်ချက်နှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည်။
(ခ) ပုဒ်မခွဲ (က)အရ စိစစ်ပြီး အရက်သယ်ယူပို့ဆောင်ခွင့်လက်မှတ် ထုတ်ပေးခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
အခန်း(၁၀)
အရက်၊ ဘီယာ သို့မဟုတ် ဝိုင် စက်ရုံတည်ထောင်ခွင့်၊ တိုးချဲ့ခွင့်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း
၃၈။ အောက်ပါကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် ခွင့်ပြုမိန့်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) အရက်၊ ဘီယာ သို့မဟုတ် ဝိုင် စက်ရုံတည်ထောင်ခြင်း၊
(ခ) တည်ထောင်ခွင့်ပြုမိန့် ရရှိထားသော စက်ရုံကို တိုးချဲ့ခြင်းနှင့် ခွင့်ပြုထားသော နေရာ၌ ယစ်မျိုးလုပ်ငန်းပမာဏတိုးချဲ့ခြင်း၊
(ဂ) ခွင့်ပြုထားသော စက်ရုံမြေဧရိယာအပြင် ဆက်စပ်မြေဧရိယာ တိုးချဲ့ခြင်းနှင့် ယစ်မျိုးလိုင်စင်ပါ ယစ်မျိုးလုပ်ငန်းပမာဏ တိုးချဲ့ခြင်း၊
(ဃ) တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော စက်ရုံတည်ရှိရာနေရာမှ အခြားနေရာသို့ စက်ရုံပြောင်းရွှေ့ တည်ထောင်ခြင်း။
၃၉။ ပုဒ်မ ၃၈ ပါကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်လိုသူသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် စက်ရုံတည်ထောင်ခြင်းဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် နှင့်အတူ ဦးစီးဌာနသို့ လျှောက်ထားရမည်။
(ခ) ပြည်ထောင်စုနယ်မြေတွင် စက်ရုံတည်ထောင်ခြင်းဖြစ်လျှင် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက်နှင့်အတူ ဦးစီးဌာနသို့ လျှောက်ထားရမည်။
၄၀။ (က) ဦးစီးဌာနသည် ပုဒ်မ ၃၉ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် -
(၁) သတ်မှတ်ချက်နှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည်။
(၂) ပုဒ်မခွဲငယ်(၁)အရ စိစစ်ပြီး ပုဒ်မ ၃၈ ပါ ကိစ္စတစ်ရပ်ရပ်အတွက် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မ ၃၈ ပါကိစ္စတစ်ရပ်ရပ်အတွက် ခွင့်ပြုမိန့်ရရှိသူသည် အာမခံကြေးအပါအဝင် ဦးစီးဌာနက သတ်မှတ်ထားသည့် အခကြေးငွေကို ပေးသွင်းရမည်။
၄၁။ ပုဒ်မ ၃၈ ပါ ကိစ္စတစ်ရပ်ရပ်အတွက် ခွင့်ပြုမိန့်ရရှိသူသည်-
(က) စက်ရုံတည်ထောင်ရန်အလို့ငှာမြေနေရာပြင်ဆင်ခြင်း၊ စက်ကိရိယာများတပ်ဆင်ခြင်း အပါအဝင်လုပ်ငန်းဆောင်ရွက်ချက်များကို ဦးစီးဌာနသို့ တင်ပြ၍ လမ်းညွှန်ချက် ရယူရမည့်ပြင် ဦးစီးဌာန၏ စစ်ဆေးခြင်းကိုလည်းခံယူရမည်။
(ခ) စက်ရုံတည်ထောင်ပြီးပါက ထုတ်လုပ်ခြင်းအတွက် ယစ်မျိုးလိုင်စင်ကို သတ်မှတ် ချက်နှင့်အညီ လျှောက်ထားရမည်။
အခန်း (၁၁)
ဖြန့်ဖြူးခြင်းနှင့်ရောင်းချခြင်း
၄၂။ ထန်းရည်ကို ထန်းရည်ရောင်းချခွင့်ဆိုင်ရာ ယစ်မျိုးလိုင်စင်ရှိသူထံ သတ်မှတ်ချက်နှင့်အညီ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်းမှတစ်ပါး စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း ရောင်းချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း ပြုလုပ်လိုသူသည် သက်ဆိုင်ရာ ယစ်မျိုးလိုင်စင် သို့မဟုတ် သယ်ယူပို့ဆောင်ခွင့်လက်မှတ် လျှောက်ထားရယူရမည်။
ရှင်းလင်းချက်။ စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း ဆိုသည်မှာ ၅၀ လီတာ ထက်ပိုသည့် ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်းကို ဆိုသည်။
၄၃။ ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူသည် ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း ဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသော အခြားသူထံ အရက်ကို အွန်လိုင်းစနစ်ဖြင့် ဖြန့်ဖြူးခြင်း ပြုလုပ် လိုလျှင် ဤဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရလည်းကောင်း ထုတ်ပြန်ထားသော သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။
၄၄။ ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် သို့မဟုတ် ပုလင်းသွတ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူသည် အရက်အမျိုးအစား တစ်ခုချင်းအလိုက် သောက်သုံးရန် သင့်လျော်သော အရက်ဖြစ်ကြောင်း အတည်ပြုပေးနိုင်သည့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ အတည်ပြုချက်ရရှိမှသာ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း ပြုရမည်။
အခန်း (၁၂)
ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း
၄၅။ ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူသည် အရက်ကို ဤဥပဒေ အရလည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရလည်းကောင်း ထုတ်ပြန်ထားသော သတ်မှတ် ချက်နှင့်အညီ ပြည်ပသို့ တင်ပို့နိုင်သည်။
၄၆။ ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူသည် အရက်ကို ဤဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရလည်းကောင်း ထုတ်ပြန်ထားသော သတ်မှတ်ချက်နှင့်အညီ ပြည်ပမှ တင်သွင်းနိုင်သည်။
၄၇။ ဦးစီးဌာနသည် အရက်ကို ပြည်ပမှ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ပါက ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ကန့်သတ်နိုင်သည်။
အခန်း (၁၃)
ယစ်မျိုးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ရှာဖွေခြင်းနှင့် အရေးယူခြင်း
၄၈။ ညွှန်ကြားရေးမှူးချုပ်သည်-
(က) ယစ်မျိုးလိုင်စင်ရရှိထားသည့် ယစ်မျိုးလုပ်ငန်းများကို စစ်ဆေးခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ စစ်ဆေးရာတွင် မိမိကိုယ်တိုင်ဖြစ်စေ၊ ဦးစီးအရာရှိ အဆင့်အောက် မနိမ့်သော အရာရှိတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ပါဝင်သော အဖွဲ့ကိုဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
၄၉။ ခရိုင်ယစ်မျိုးအရာရှိ သို့မဟုတ် မြို့နယ်ယစ်မျိုးအရာရှိသည် အရက်ထုတ်လုပ်ခြင်းပြုသည့် နေရာ၊ အရက်ဖြန့်ဖြူးခြင်းပြုသည့်နေရာ သို့မဟုတ် အရက်ရောင်းချခြင်းပြုသည့်နေရာကို သတ်မှတ် ချက်နှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးရမည်။
၅၀။ ယစ်မျိုးအရာရှိအဆင့်ဆင့်သည် -
(က) အောက်ပါယစ်မျိုးလုပ်ငန်းဆိုင်ရာ နေရာနှင့် အရက် သို့မဟုတ် ယစ်မျိုးသက်ဝင် ပစ္စည်း သယ်ဆောင်သည့် ယာဉ်တို့ကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးရမည် -
(၁) အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို ထုတ်လုပ်ခြင်း၊
(၂) အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်း၊
(၃) အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို သိုလှောင်ခြင်း၊
(၄) အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို ဖြန့်ဖြူးခြင်း၊
(၅) အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို ရောင်းချခြင်း။
(ခ) ယစ်မျိုးလုပ်ငန်းနှင့်သက်ဆိုင်သည့် စာရင်းနှင့် မှတ်ပုံတင်စာအုပ်များကို စစ်ဆေးခြင်း ပြုရမည်။
(ဂ) ပုဒ်မခွဲ(က)အရ စစ်ဆေးရာတွင် တွေ့ရှိသည့် အရက်၊ ယစ်မျိုးသက်ဝင်ပစ္စည်း သို့မဟုတ် ကိရိယာတန်ဆာပလာများကို စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် ချိန်တွယ်ခြင်းကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။
(ဃ) ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် (ဂ) အရ စစ်ဆေးရာတွင် ဤဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် လုပ်ထုံး လုပ်နည်းများပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို ဖြစ်စေ၊ ခွင့်ပြုထားသည့် ယစ်မျိုး လိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရမည်။
၅၁။ မြို့နယ်ယစ်မျိုးအရာရှိသည် အများပြည်သူ အေးချမ်းသာယာရေးအလို့ငှာ လိုအပ်သည်ဟု ထင်မြင်ယူဆပါက အရက်ဖြန့်ဖြူးခြင်းပြုသည့်နေရာ သို့မဟုတ် အရက်ရောင်းချခြင်းပြုသည့် နေရာကို သတ်မှတ်အချိန် သို့မဟုတ် ကာလအထိ ယာယီပိတ်ထားရန် မြို့နယ်ကြီးကြပ်စစ်ဆေးရေး အဖွဲ့၏ သဘောတူညီချက်ရရှိလျှင် သက်ဆိုင်ရာခရိုင်ယစ်မျိုးအရာရှိထံ တင်ပြပြီး ညွှန်ကြားနိုင်သည်။
၅၂။ အရက်ဖြန့်ဖြူးခြင်းပြုသည့် သို့မဟုတ် ရောင်းချခြင်းပြုသည့်နေရာအနီးတွင် အများပြည်သူကို အနှောင့်အယှက်ဖြစ်စေနိုင်မည့် အဓိကရုဏ်းသော်လည်းကောင်း၊ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး သော်လည်းကောင်း ဖြစ်ပွားနိုင်ကြောင်း သို့မဟုတ် ဖြစ်ပွားနေကြောင်း ယုံကြည်လောက်သော သတင်းရရှိလျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကဖြစ်စေ၊ သက်ဆိုင်ရာ ရဲစခန်းမှူးကဖြစ်စေ သင့်လျော်သည့် အချိန်ကာလအပိုင်းအခြားအထိ အဆိုပါ နေရာကို ယာယီပိတ် ထားရန် မြို့နယ်ယစ်မျိုးအရာရှိ၏ သဘောတူညီချက်ဖြင့် ညွန်ကြားနိုင်သည်။
၅၃။ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူသည် -
(က) ပုဒ်မ ၅၁ သို့မဟုတ် ပုဒ်မ ၅၂ အရ ညွှန်ကြားချက်ရရှိလျှင် အရက်ဖြန့်ဖြူးခြင်း ပြုသည့် သို့မဟုတ် ရောင်းချခြင်းပြုသည့်နေရာကို ယာယီပိတ်ထားရမည်။
( ခ ) ပုဒ်မ ၅၂ အရ ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိစေကာမူ အောက်ပါ အခြေအနေ တစ်ရပ်ရပ်ဖြစ်ပွားပါက အရက်ဖြန့်ဖြူးခြင်းပြုသည့် သို့မဟုတ် ရောင်းချခြင်း ပြုသည့် နေရာကို ယာယီပိတ်ထားရမည် -
(၁) အရက်ဖြန့်ဖြူးခြင်းပြုသည့် သို့မဟုတ် ရောင်းချခြင်းပြုသည့်နေရာ အနီးတွင် အများပြည်သူကို အနှောင့်အယှက် ဖြစ်စေနိုင်မည့် အဓိကရုဏ်း ဖြစ်ပွားခြင်း၊
(၂) အရက်ဖြန့်ဖြူးခြင်းပြုသည့် သို့မဟုတ် ရောင်းချခြင်းပြုသည့်နေရာ အနီးတွင် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး ဖြစ်ပွားခြင်း။
အခန်း (၁၄)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း
၅၄။ ယစ်မျိုးလိုင်စင်ရရှိသူက ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် လုပ်ထုံးလုပ်နည်းများပါ လိုက်နာရမည့် သတ်မှတ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ယစ်မျိုးလိုင်စင်ပါစည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ခွင့်ပြုမိန့်ရရှိသူက ပုဒ်မ ၄၁ ပုဒ်မခွဲ(က)ပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက် လျှင်သော်လည်းကောင်း ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါ စီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) စာဖြင့်သတိပေးခြင်း၊
( ခ ) ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊
( ဂ ) ယစ်မျိုးလိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
(ဃ) ယစ်မျိုးလိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို ပိတ်သိမ်းခြင်း။
အခန်း (၁၅)
အယူခံခြင်း
၅၅။ (က) ယစ်မျိုးလိုင်စင်ရရှိသူသည် ညွှန်ကြားရေးမှူးချုပ်က ပုဒ်မ ၅၄ အရ ချမှတ်သော အမိန့်ကို ကျေနပ်မှုမရှိလျှင် ယင်းအမိန့်ချမှတ်သည့်ရက်မှ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံ ဝင်ရောက်နိုင်သည်။
( ခ ) ဝန်ကြီးဌာနသည် ညွှန်ကြားရေးမှူးချုပ်က ချမှတ်သောအမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
(ဂ) ဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်စေရမည်။
အခန်း (၁၆)
တားမြစ်ချက်များ
၅၆။ ထန်းရည်ကို ယစ်မျိုးလိုင်စင် ရရှိသူထံ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း သို့မဟုတ် သယ်ယူ ပို့ဆောင်ခြင်းမှတစ်ပါး မည်သူမျှ ယစ်မျိုးလိုင်စင်မရှိဘဲ စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခွင့်လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
၅၇။ မည်သူမျှ တည်အရက်ကို -
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်း၊ ပုလင်းသွတ်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(ခ) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(ဂ) သယ်ယူပို့ဆောင်ခွင့်လက်မှတ် မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
၅၈။ မည်သူမျှ ဝိုင် ကို-
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်းမပြုရ။
(ခ) ယစ်မျိုးလိုင်စင်မရှိဘဲ ပုလင်းသွတ်ခြင်း မပြုရ။
(ဂ) ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုး လိုင်စင် မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်း မပြုရ။
(ဃ) ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်မရှိဘဲ ပြည်ပမှ တင်သွင်းခြင်းမပြုရ။
(င) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(စ) ယစ်မျိုးလိုင်စင်မရှိဘဲ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(ဆ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
(ဇ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲ သယ်ယူ ပို့ဆောင်ခြင်း မပြုရ။
၅၉။ မည်သူမျှ ပြည်တွင်းဖြစ်အရက် ကို-
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်း မပြုရ။
(ခ) ယစ်မျိုးလိုင်စင်မရှိဘဲ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်း မပြုရ။
(ဂ) ယစ်မျိုးလိုင်စင်မရှိဘဲ ပုလင်းသွတ်ခြင်း မပြုရ။
(ဃ) ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုး လိုင်စင် မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်း မပြုရ။
(င) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(စ) ယစ်မျိုးလိုင်စင်မရှိဘဲ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(ဆ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
(ဇ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲ သယ်ယူ ပို့ဆောင်ခြင်း မပြုရ။
၆၀။ မည်သူမျှ ထန်းရည် သို့မဟုတ် တည်အရက်ကို ယစ်မျိုးလိုင်စင်မရှိဘဲ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်ခြင်း မပြုရ။
၆၁။ မည်သူမျှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သည့် အရက်ကို -
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ပုလင်းသွတ်ခြင်းမပြုရ။
(ခ) တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်းဆိုင်ရာယစ်မျိုးလိုင်စင် သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်း မပြုရ။
(ဂ) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(ဃ) ယစ်မျိုးလိုင်စင်မရှိဘဲ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(င) သယ်ယူပို့ဆောင်ခွင့်လက်မှတ် မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
(စ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
၆၂။ မည်သူမျှ နိုင်ငံခြားအရက်ကို-
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်းမပြုရ။
(ခ) ယစ်မျိုးလိုင်စင်မရှိဘဲ ပုလင်းသွတ်ခြင်း မပြုရ။
(ဂ) ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် မရှိဘဲ ပြည်ပမှ တင်သွင်းခြင်း မပြုရ။
(ဃ) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(င) ယစ်မျိုးလိုင်စင်မရှိဘဲ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(စ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
(ဆ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲ သယ်ယူ ပို့ဆောင်ခြင်း မပြုရ။
၆၃။ မည်သူမျှ ဘီယာနှင့် ဝိုင် မှတစ်ပါး နိုင်ငံတကာအဆင့်မီ ပြည်တွင်းဖြစ် အရက်ကို-
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်း မပြုရ။
(ခ) ယစ်မျိုးလိုင်စင်မရှိဘဲ ပုလင်းသွတ်ခြင်း မပြုရ။
(ဂ) ထုတ်လုပ်ခြင်းဆိုင်ရာယစ်မျိုးလိုင်စင် သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုး လိုင်စင် မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်း မပြုရ။
(ဃ) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(င) ယစ်မျိုးလိုင်စင်မရှိဘဲ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(စ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
(ဆ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲ သယ်ယူ ပို့ဆောင်ခြင်း မပြုရ။
၆၄။ မည်သူမျှ ဘီယာ ကို-
(က) ယစ်မျိုးလိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်းမပြုရ။
(ခ) ယစ်မျိုးလိုင်စင်မရှိဘဲ ပုလင်းသွတ်ခြင်း မပြုရ။
(ဂ) ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် သို့မဟုတ် ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုး လိုင်စင် မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်း မပြုရ။
(ဃ) ဖြန့်ဖြူးခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်မရှိဘဲ ပြည်ပမှ တင်သွင်းခြင်းမပြုရ။
(င) သိုလှောင်ခွင့်ပြုမိန့်မရှိဘဲ သိုလှောင်ခြင်း မပြုရ။
(စ) ယစ်မျိုးလိုင်စင်မရှိဘဲ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။
(ဆ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ။
(ဇ) သယ်ယူပို့ဆောင်ခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲ သယ်ယူ ပို့ဆောင်ခြင်း မပြုရ။
၆၅။ မည်သူမျှ ပုဒ်မ ၃၈ ပါ ကိစ္စတစ်ရပ်ရပ်ကို ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်မရှိဘဲ ဆောင်ရွက်ခြင်း မပြုရ။
၆၆။ မည်သူမျှ သိလျက်နှင့်ယစ်မျိုးလိုင်စင် မရှိသူကို ယစ်မျိုးလုပ်ငန်းတစ်မျိုးမျိုး လုပ်ကိုင်ရန် နေရာကို ငှားရမ်းခြင်း မပြုရ။
၆၇။ မည်သူမျှ မူလသတ္တိပျက်ပြီးအရက်ကို သောက်သုံးနိုင်သောအရက်ဖြစ်စေရန်-
(က) ပြုပြင်ပြောင်းလဲခြင်း မပြုရ။
(ခ) ပြုပြင်ပြောင်းလဲပြီးသောအရည်ကို ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ။
(ဂ) ပြုပြင်ပြောင်းလဲပြီးသောအရည်ကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် သယ်ယူ ပို့ဆောင်ခြင်း မပြုရ။
၆၈။ မည်သူမျှ အောက်ဖော်ပြပါသူတစ်ဦးဦးကို အရက်ကို ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ-
(က) သာသနာ့ဝန်ထမ်း၊
(ခ) စိတ်ပေါ့သွပ်သူ၊
(ဂ) အသက် ၁၈ နှစ်မပြည့်သူ၊
(ဃ) နည်းဥပဒေဖြင့် သတ်မှတ်ထားသူ။
၆၉။ မည်သူမျှ အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို-
(က) အလိုအလျောက်အရောင်းစက်ဖြင့် ရောင်းချခြင်း မပြုရ။
(ခ) သောက်သုံးမည့် အများပြည်သူထံ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း မပြုရ။
(ဂ) ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ ရေးဆွဲဖော်ပြ၍ကြော်ငြာခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ကြော်ငြာလက်ကမ်းစာရွက်ဝေငှခြင်း သို့မဟုတ် အခြားတစ် နည်းနည်းဖြင့် ကြော်ငြာခြင်း မပြုရ။
(ဃ) အရောင်းပမာဏမြင့်တက်စေရန် ပုံမှန်ဈေးနှုန်းအောက်လျှော့ချခြင်း၊ နမူနာပေးကမ်း ခြင်း၊ ကံစမ်းမဲအစီအစဉ်ပြုလုပ်ခြင်း သို့မဟုတ် ဝယ်ယူမှုအပေါ် အပိုဆောင်း လက်ဆောင် ပေးကမ်းခြင်းဖြင့် ရောင်းချခြင်း မပြုရ။
၇၀။ ယစ်မျိုးလိုင်စင်ရရှိသူမှတစ်ပါး မည်သူမျှ ပုဒ်မ ၃၅ အရ သတ်မှတ်သော အရေအတွက်၊ ပမာဏ ထက်ပိုသောအရက်ကို လက်ဝယ်ထားခြင်းမပြုရ။
၇၁။ လိုင်စင်ရရှိသူမည်သူမျှ-
(က) မိမိအားထုတ်ပေးထားသော ယစ်မျိုးလိုင်စင်ကို ဦးစီးဌာန၏ ခွင့်ပြုချက်မရဘဲ အခြားသူတစ်ဦးဦးထံ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်း မပြုရ။
(ခ) ယစ်မျိုးလိုင်စင်ပါ ခွင့်ပြုသောနေရာအပြင် အခြားနေရာ၌ ယစ်မျိုးလိုင်စင်ကို မိတ္တူပွား၍ အသုံးမပြုရ။
၇၂။ ရောင်းချခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူ မည်သူမျှ အရက်ရောင်းချခြင်းပြုသည့်နေရာတွင် အမျိုးသမီးကို ခိုင်းစေခြင်း သို့မဟုတ် ခိုင်းစေခွင့်ပြုခြင်း မပြုရ။
အခန်း (၁၇)
ပြစ်မှုနှင့်ပြစ်ဒဏ်
၇၃။ မည်သူမဆို ပုဒ်မ ၅၆၊ ပုဒ်မ ၅၇ သို့မဟုတ် ပုဒ်မ ၇၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၄။ မည်သူမဆို -
(က) ပုဒ်မ ၅၈ ပုဒ်မခွဲ (က)၊ (ခ) သို့မဟုတ် ပုဒ်မ ၅၉ ပုဒ်မခွဲ (က)၊ (ဂ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ခ) ပုဒ်မ ၅၈ ပုဒ်မခွဲ (ဂ)၊ (ဃ) သို့မဟုတ် ပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
(ဂ) ပုဒ်မ ၅၈ ပုဒ်မခွဲ (င) သို့မဟုတ် ပုဒ်မ ၅၉ ပုဒ်မခွဲ (င) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ဃ) ပုဒ်မ ၅၈ ပုဒ်မခွဲ (စ) သို့မဟုတ် ပုဒ်မ ၅၉ ပုဒ်မခွဲ (စ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
( င ) ပုဒ်မ ၅၈ ပုဒ်မခွဲ (ဆ) သို့မဟုတ် ပုဒ်မ ၅၉ ပုဒ်မခွဲ (ဆ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
( စ ) ပုဒ်မ ၅၈ ပုဒ်မခွဲ (ဇ) သို့မဟုတ် ပုဒ်မ ၅၉ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် ၁၀ သိန်း မှ အများဆုံး ကျပ်သိန်း ၃၀ ထိ ငွေဒဏ် ချမှတ်ရမည်။
၇၅။ မည်သူမဆို-
(က) ပုဒ်မ ၅၉ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(က)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ (က)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(ခ) ပုဒ်မ ၆၁ ပုဒ်မခွဲ(က)၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ် နှစ်မှ အများဆုံး နှစ် နှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၂၀၀ ထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(ဂ) ပုဒ်မ ၆၁ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ(ဂ) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ (ဂ)၊ (ဃ) ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ် နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။
(ဃ) ပုဒ်မ ၆၁ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(ဃ)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ(ဃ) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ(င) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက် လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(င) ပုဒ်မ ၆၁ ပုဒ်မခွဲ(ဃ)၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(င)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ(င) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ(စ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(စ) ပုဒ်မ ၆၁ ပုဒ်မခွဲ(င)၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ(စ) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ(ဆ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ဆ) ပုဒ်မ ၆၁ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၆၂ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၆၃ ပုဒ်မခွဲ(ဆ) သို့မဟုတ် ပုဒ်မ ၆၄ ပုဒ်မခွဲ(ဇ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၆။ မည်သူမဆို ပုဒ်မ ၆၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ် နှစ်ထိ ထောင်ဒဏ်ချမှတ် ရမည့်ပြင် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ ထိ ငွေဒဏ်လည်း ချမှတ် နိုင်သည်။
၇၇။ မည်သူမဆို ပုဒ်မ ၆၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၅၀ ထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၇၈။ မည်သူမဆို -
(က) ပုဒ်မ ၆၇ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက် လမှ အများဆုံး တစ် နှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် အနည်းဆုံး ကျပ်သိန်း ၁၅၀ မှ အများဆုံး ကျပ်သိန်း ၂၀၀ ထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(ခ) ပုဒ်မ ၆၇ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ် နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ဂ) ပုဒ်မ ၆၇ ပုဒ်မခွဲ (ဂ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၉။ မည်သူမဆို ပုဒ်မ ၆၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံးကျပ်သိန်း ၅၀ ထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။
၈၀။ မည်သူမဆို ပုဒ်မ ၆၉ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၈၁။ မည်သူမဆို ပုဒ်မ ၇၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သိန်း ၂၀ မှ အများဆုံး ကျပ် သိန်း ၅၀ ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၈၂။ မည်သူမဆို ပုဒ်မ ၇၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် သိန်း ၅၀ မှ အများဆုံး ကျပ် သိန်း ၂၀၀ ထိ ငွေဒဏ် ချမှတ်ရမည်။
၈၃။ (က) မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် လုပ်ထုံးလုပ်နည်းများပါ လိုက်နာရမည့် သတ်မှတ်ချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်ဖြစ်စေ ချမှတ် ရမည်။
(ခ) မည်သည့်ယစ်မျိုးလိုင်စင်ရရှိသူ သို့မဟုတ် ခွင့်ပြုမိန့်ရရှိသူမဆို ပုဒ်မ ၅၄ အရ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လိုက်နာရမည့်အလားတူသတ်မှတ်ချက် ကို ထပ်မံပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။
၈၄။ တရားရုံးသည် ဤဥပဒေပါပြစ်မှု တစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်သည့်အခါ-
(က) ပြစ်မှုနှင့်သက်ဆိုင်သည့် အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို ဖျက်ဆီးခြင်း သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ပြုရမည်။
(ခ) ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်း သို့မဟုတ် ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း ပြုရမည်။
(ဂ) ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် တိရစ္ဆာန်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် အခြားယာဉ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။
အခန်း(၁၈)
အထွေထွေ
၈၅။ ဤဥပဒေပါ ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူကို မသိလျှင် သော်လည်းကောင်း၊ ရှာဖွေမတွေ့လျှင်သော်လည်းကောင်း၊ ပိုင်ရှင်ဖြစ်ကြောင်း ခိုင်မာစွာ တင်ပြနိုင်ခြင်း မရှိလျှင်သော်လည်းကောင်း ခရိုင်ယစ်မျိုးအရာရှိသည် မြို့နယ်ယစ်မျိုးအရာရှိ၏ စစ်ဆေးတင်ပြချက်အပေါ် စိစစ်ပြီး ယင်းပစ္စည်းကို သတ်မှတ်ချက်နှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ပြုရမည်။
၈၆။ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း သို့မဟုတ် ရိုးရာပွဲတော်အတွက် ထန်းရည် သို့မဟုတ် တည်အရက်ကို သောက်သုံးရန် ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း နှင့်စပ်လျဉ်း၍ ယစ်မျိုးလိုင်စင် ရယူခြင်းမှလည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်းအတွက် သယ်ယူပို့ဆောင်ခွင့်လက်မှတ် ရယူခြင်းမှ လည်းကောင်း ကင်းလွတ်ခွင့်ရှိသည်။
၈၇။ ထုတ်လုပ်ခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင် ရရှိသူသည် မိမိစက်ရုံမှထုတ်လုပ်သော အရက်ပြင်းကို၊ သောက်သုံးရန်မဟုတ်သည့်အခြားကိစ္စတစ်ရပ်ရပ်အတွက် ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်လိုပါက ပုဒ်မ ၁၀ ပါသက်ဆိုင်ရာယစ်မျိုးလိုင်စင်ကို လျှောက်ထားရမည်။
၈၈။ ယစ်မျိုးလိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းခံရလျှင် သို့မဟုတ် ပိတ်သိမ်းခြင်း ခံရလျှင် ယစ်မျိုးလိုင်စင်ရရှိထားသူသည် ယစ်မျိုးလိုင်စင်ကြေး၊ လျော်ကြေး သို့မဟုတ် နစ်နာကြေးကို ဖြစ်စေ၊ ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းခံရလျှင် သို့မဟုတ် ပိတ်သိမ်းခြင်း ခံရလျှင် ခွင့်ပြုမိန့်ရရှိထားသူသည် အာမခံကြေး သို့မဟုတ် အခကြေးငွေကိုဖြစ်စေ တောင်းခံပိုင်ခွင့် မရှိစေရ။
၈၉။ ဒုတိယရဲအုပ် အဆင့် အောက် မနိမ့်သော ရဲအရာရှိတစ်ဦးဦးသည်-
(က) အများပြည်သူနှင့်သက်ဆိုင်သော နေရာတစ်ခုခုတွင် ပုဒ်မ ၉၃ ပါပြစ်မှုများမှတစ်ပါး ဤဥပဒေပါအခြားပြစ်မှုတစ်ရပ်ရပ် ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိလျှင် ဖမ်းဆီးခြင်း၊ ပြစ်မှုနှင့်သက်ဆိုင်သည့် အရက်နှင့် ပစ္စည်းကိရိယာတို့ကို သိမ်းဆည်း ခြင်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ ဖမ်းဆီးခြင်း၊ ရှာဖွေသိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်ယစ်မျိုး အရာရှိထံ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်။
၉၀။ အများပြည်သူနှင့်သက်ဆိုင်ခြင်း မရှိသော နေရာတစ်ခုခုတွင် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ် ဖောက်ဖျက်ကျူးလွန်ကြောင်း ယုံကြည်လောက်သည့်သတင်းရရှိလျှင် သို့မဟုတ် ယုံကြည်ရန် အခြား လုံလောက်သော အကြောင်းအချက်များ ရှိလျှင်-
(က) ယစ်မျိုးအရာရှိအဆင့်ဆင့်သည်-
(၁) သက်ဆိုင်ရာနယ်မြေအတွင်း မိမိကိုယ်တိုင် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံပစ္စည်းသိမ်းဆည်းခြင်း ပြုနိုင်သည်။
(၂) ပုဒ်မခွဲငယ်(၁) အရ ဆောင်ရွက်ရာတွင် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို ရယူနိုင်သည်။
(ခ) မြို့နယ်ယစ်မျိုးအရာရှိ သို့မဟုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ဒုတိယရဲအုပ်အဆင့် အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးအား ဝရမ်းထုတ်ပေး၍ ဖမ်းဆီးစေခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းစေခြင်း ပြုနိုင်သည်။
၉၁။ ဦးစီးဌာနသည် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော ယစ်မျိုး လိုင်စင်ရရှိသူကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အမည်ပျက်စာရင်း ထည့်သွင်းခြင်း သို့မဟုတ် အမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။
၉၂။ ဤဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မ ၇၄ ပုဒ်မခွဲ (က)၊ (ဂ)၊ (ဃ) နှင့် (င)၊ ပုဒ်မ ၇၅ ပုဒ်မခွဲ (က)၊ (ခ)၊ (ဃ)၊ (င) နှင့် (စ)၊ ပုဒ်မ ၇၈၊ ပုဒ်မ ၈၀ နှင့် ပုဒ်မ ၈၁ တို့ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၉၃။ ဤဥပဒေ ပုဒ်မ ၇၄ ပုဒ်မခွဲ(ခ)၊ (စ)၊ ပုဒ်မ ၇၅ ပုဒ်မခွဲ (ဂ)၊ (ဆ)၊ ပုဒ်မ ၇၆၊ ပုဒ်မ ၇၇၊ ပုဒ်မ ၇၉၊ ပုဒ်မ ၈၂ သို့မဟုတ် ပုဒ်မ ၈၃ ပါ ပြစ်မှုတစ်ရပ်ရပ်ကို ခရိုင်ယစ်မျိုးအရာရှိကဖြစ်စေ၊ ယင်းကတာဝန် ပေးအပ်သော ဦးစီးဌာနရှိ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ စာဖြင့်ရေးသားတိုင်တန်းချက် အရ မဟုတ်လျှင် မည်သည့်တရားရုံးကမျှ စစ်ဆေးစီရင်ခြင်း မပြုရ။
၉၄။ The Myanmar Excise Act အရ ထုတ်ပေးထားသည့် ယစ်မျိုးလိုင်စင်နှင့် ခွင့်ပြုချက် များသည် ယင်းသက်တမ်းကုန်ဆုံးသည့်ရက်အထိ အတည်ဖြစ်သည်။
၉၅။ သက်ဆိုင်ရာ ခရိုင်ယစ်မျိုးအရာရှိနှင့် မြို့နယ်ယစ်မျိုးအရာရှိတို့သည်-
(က) ယစ်မျိုးလိုင်စင်ကြေး သို့မဟုတ် ယစ်မျိုးလိုင်စင်သက်တမ်းတိုးကြေးကို သတ်မှတ် ချက်နှင့်အညီ ကောက်ခံရမည်။
(ခ) ပုဒ်မခွဲ (က)အရ ကောက်ခံသည့် ယစ်မျိုးလိုင်စင်ကြေး သို့မဟုတ် ယစ်မျိုးလိုင်စင် သက်တမ်းတိုးကြေးကို ပေးဆောင်ရန်ပျက်ကွက်လျှင် မြေခွန်မပြေကျန်ငွေဖြစ်ဘိ သကဲ့သို့ အရကောက်ခံရမည်။
၉၆။ The Myanmar Excise Act အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ အမိန့်ဆင့်ဆိုချက်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ဤဥပဒေနှင့် မဆန့်ကျင်သမျှ ဆက်လက်ကျင့်သုံးနိုင်သည်။
၉၇။ ယစ်မျိုးအရာရှိ တစ်ဦးဦးကို ဤဥပဒေအရဖြစ်စေ၊ ယစ်မျိုးခွန်နှင့်စပ်လျဉ်းသည့်အခြားတည်ဆဲ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဆောင်ရွက်ရာတွင် သဘောရိုးဖြင့်ဆောင်ရွက်မှု သို့မဟုတ် သဘောရိုးဖြင့် အမိန့်ထုတ်ပြန်မှု တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးရခြင်းအတွက် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။
၉၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၉၉။ The Myanmar Excise Act (Myanmar Act V, 1917)ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ