နေပြည်တော်၊ အောက်တိုဘာ - ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဘိုတဲ ဆက်သွယ်ရေးစတေရှင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားနှစ်ဦးအား ဩဂုတ်လ ၃၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ တပ်မတော်သားနှစ်ဦး ကိုင်ဆောင်သည့် လက်နက်ခဲယမ်း များအားယူဆောင်သွားသည့် ဖြစ်စဉ်တွင်ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား အောက်တိုဘာ ၁ ရက်နေ့တွင်ထုတ်ပြန်ပြီးဖြစ်ပါသည်။
အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး၏ ဆက်သွယ်ရေးစတေရှင်မှ တပ်မတော်သား နှစ်ဦးအား သတ်ဖြတ်ခဲ့စဉ် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ထွက်ဆို ချက်များအရ KNLA တပ်မဟာ ၇ တပ်ရင်း(၁၀၁)မှ တပ်စုမှူးအဆင့်ရှိသူတစ်ဦး၏ ခိုင်းစေချက်အရ ၎င်းမှတစ်ဆင့်ချိတ်ဆက်ပေးသူ KNLA အဖွဲ့ဝင်စောနံပြားနှင့် အတူ ၎င်းတို့နှစ်ဦးမှပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါသည်။
၎င်းတို့နှစ်ဦး၏ထွက်ဆိုချက်များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်ထောင်စုအဆင့်) Joint Ceasefire Monitoring Committee – Union Level မှတစ်ဆင့် KNLA သို့ ပေးပို့သွားမည် ဖြစ်ပြီး ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ဆက်စပ်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။