ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ မတ် - ၆
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သီးခြားဖိတ်ကြား ထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက် ကြပြီးတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေး (၁/၂၀၂၆) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားသည့် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄) ရပ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်း အဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့်အစိုးရကို နိုင်ငံတော် တာဝန်လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက် များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက် လက်တာဝန်ယူ သွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ် ပေးခဲ့ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဆိုင် ရာ အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပ သွင်းကုန်အစားထိုးနိုင်ရေး အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ အခြားကဏ္ဍများတွင် မဖြစ် မနေသုံးစွဲရမည့် အသုံးစရိတ်များနှင့် သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ် များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင်အခြေခံ အဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရန်၊ အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးစရိတ်များကို လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ကနှစ်စဉ်ခွင့်ပြုပေးခဲ့သကဲ့သို့ ယခုတွင်လည်း လိုအပ်ချက်များကို စိစစ်လျာ ထားပေးသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စု ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များအနေဖြင့် ခွဲဝေချထား ပေးသည့်ရန်ပုံငွေများကို နိုင်ငံတော်အတွက်အကျိုးရှိ ထိရောက်စွာ သုံးစွဲကြရန်လိုကြောင်း၊ ထို့ကြောင့်လည်း လျာထားလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက် ညီစေရေး၊ အရည်အသွေး ပြည့်မီစေရေး၊ နိုင်ငံတော် ဘဏ္ဍာငွေများကို လေလွင့် ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအတွက်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် ပမာဏကိုသာ သေချာစွာစိစစ်တွက်ချက်ပြီး လျာထားကြရန်အရေးကြီးကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော် မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန်လို ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲတင်ပြ ခဲ့ကြပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ကော်မတီများမှ အဆင့်ဆင့်စိစစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရငွေပိုင်းလျာထားချက်များ၊ အသုံးစရိတ်များ၊ သာမာန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်းအသုံးစရိတ်များ၊ ကြွေးမြီအသုံးစရိတ်များကိုလည်း စနစ်တကျဖြင့် စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များနှင့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများချီးမြှင့်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ခြင်းတို့ အတွက် အသုံးစရိတ်များကိုလည်း လျာထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၎င်းကို အခြေပြု၍ ရေးဆွဲထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တို့ကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ကသုံးသပ်ပြီး အတည်ပြုထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ ၂၀၂၆-၂၀၂၇ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်း နှင့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသီတာဦး က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၆-၂၀၂၇ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့စရှိချက်အရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
၎င်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များက အသီးသီးတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိတို့ အနေဖြင့်နိုင်ငံ၏ GDP တိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ကုန် ထုတ်လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် အခြားစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန်လိုအပ်ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်သွားကြ စေလိုကြောင်း၊ လျာထားခွင့်ပြုငွေများအား လာမည့်အစိုးရအဖွဲ့အနေဖြင့် အမှန် တကယ် အသုံးပြုနိုင်ရန်အတွက် အသေးစိတ်စနစ်တကျ ဆောင်ရွက်သွားကြရန်လို ကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်း အတိုင်းဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများ (Agro-based Industries)ကို တိုးတက်အောင် အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး အနာဂတ် အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပန်းတိုင်များအထိရရှိစေရန်အတွက် အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် အမှန်တကယ် တိုးတက်ရေးက အဓိကအရေးပါသည့်လုပ်ဆောင်ချက် ရလဒ်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု၊ အလုပ်အကိုင်များ တိုးမြှင့်နိုင်ရန် အတွက်ကိုလည်း အားပေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ခိုင်မာတောင့်တင်းသည့် စီးပွားရေးကို ရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည် အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသား များ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေး သည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာ ကိုအခြေခံသည့်လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် အသိဉာဏ်ပညာဖြင့် သတိတရားကိုလက်ကိုင်ထားပြီး NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် အတူတကွကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်း ရေးကိုရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သည့်အတွက် မိသားစု ဝင်ငွေ တိုးတက်ရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် လျာထားချက်ပါရငွေများကို အပြည့်အဝရရှိစေရေး အချိန်ကာလပိုင်းခြား သတ်မှတ်ပြီး ရည်မှန်းချက်များချမှတ်ကာ တွန်းအားပေးကြပ်မတ်ဆောင်ရွက် ပေးကြ ရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ များအနေဖြင့် နိုင်ငံတော်ကခွဲဝေချထားပေးသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး လေလွင့် မှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ သုံးစွဲကြရန် လိုအပ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် မိမိတို့တာဝန်ယူသည့်ကာလအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့်ဆောင်ပုဒ်များကို ထိရောက်အောင်မြင်အောင် ပြည့်ပြည့်ဝဝအကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ ကျရာကဏ္ဍမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် အောင်မြင်သည့်ဖွံ့ဖြိုးမှုလမ်းကို စနစ်တကျခင်းပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။


