အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မတ် - ၆
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယ ဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ/တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြား ရာတွင်ယနေ့ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆)တွင် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသား စီမံကိန်းဥပဒေ(မူကြမ်း)ကို ဆွေးနွေးညှိနှိုင်း အတည်ပြုကြမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ယနေ့ထိ နိုင်ငံတော်ကို အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်ယူခဲ့ပြီး နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် တိုးတက်အောင် ကြိုးပမ်းလျက် ရှိကြကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ချမှတ်ထားသည့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့သည်မှာ ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်ပြီးမြောက်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။
နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့သည့်အချိန်တွင် နိုင်ငံ၏စီးပွားရေးကျဆင်း နေပြီး အခက်အခဲမျိုးစုံကြားမှ နိုင်ငံအရေးကို ဦးစားပေးပြီး အမျိုးသားရေးမျှော်မှန်း ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အဓိကအားပေးမြှင့်တင်ပေးသည့်အပြင် လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် ကျေးလက်ဒေသစီးပွားရေးတိုးတက်စေရန်အတွက် ဦးစားပေးအလေးထား ဆောင်ရွက်ပေးခဲ့ကြောင်း။
မိမိတို့ တာဝန်ယူသည့်ကာလတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များမြှင့်တင်မှုကို အဓိကတွန်းအားပေး မြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ MSME လုပ်ငန်းများသည် ထုတ်ကုန်အရည်အသွေးနှင့် ထုတ်ပိုးမှုပုံစံများသည် ယခင် နှင့် နှိုင်းယှဉ်ပါက အတော်အသင့် တိုးတက်မှုရှိလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတန်းဝင်အရည်အသွေးမြင့် ကုန်ပစ္စည်းများအဆင့် တိုးတက်ရောက်ရှိ စေရေးနှင့် ပြည်ပပို့ကုန်အဆင့်အထိရောက်ရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ပြည်တွင်းထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံသည်ထက် ပိုမိုထုတ်လုပ်နိုင် မည်ဆိုပါက ပြည်ပကိုတင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပက တင်သွင်းမှု များကိုလည်း လျော့နည်းစေမည်ဖြစ်သည့်အတွက် ထုတ်လုပ်မှုကို ဆက်လက်အားပေး မြှင့်တင်သွားရမည် ဖြစ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိ ရေး လိုအပ်ချက်များရှိနေသေးသည့်အတွက် နိုင်ငံ့စီးပွားရေးတွင် တိုးတက်သင့် သလောက်မတိုးတက်ဘဲ ဆုံးရှုံးနစ်နာနေမှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့်စိုက်ပျိုး ရေးတွင် အဓိကလိုအပ်သည့် မျိုး၊ မြေ၊ ရေ နှင့် နည်းစနစ် ကောင်းမွန်ရေးကိုလည်း ဆက်လက်တွန်းအားပေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လူနှင့် စက်အင်အား အသုံးပြုရသည်များရှိသည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာတိုးတက်သုံးစွဲနိုင်ရေးကို အဓိကတွန်းအားပေးဆောင်ရွက်ရန်လည်း အရေး ကြီးကြောင်း၊ ထို့ကြောင့် လက်ရှိထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ ပကတိ အခြေအနေကိုသုံးသပ်ပြီး အနာဂတ်တွင်တိုးတက်ရန် သမားရိုးကျဆောင်ရွက်ခြင်း ထက် ခေတ်နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မူဝါဒချမှတ်ရာတွင် လိုအပ်သည့် အခြေခံအချက်အလက်များကို ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရလဒ်များမှ မိမိတို့နှင့် သက်ဆိုင် သည့် စာရင်းပိုင်းဆိုင်ရာများကို ရယူရှာဖွေ သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူဦးရေမူဝါဒသည် အရေးကြီးသည့်အတွက် တိုးတက်ပြောင်းလဲလာမည့် လူဦးရေ ပမာဏ၊ အသက်အရွယ်အလိုက် အချိုးအစား၊ လုပ်သားအင်အား၊ ပညာရေး၊ ကျန်းမာရေး စသည့်အချက်အလက်များပေါ်မူတည်ပြီး ပြည်ထောင်စု၊ တိုင်းဒေသကြီး များနှင့်ပြည်နယ်များတွင် လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း။
အစိုးရအနေဖြင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းနိုင်ရေးကို ဦးတည်ဆောင်ရွက်နိုင်ရန် ဆောင်ပုဒ်(၃)ရပ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရန်၊ ပညာရေးဖြင့် လူသားအရင်းအမြစ် တိုးတက်စေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် ကဏ္ဍ အလိုက် တာဝန်ယူထားသည့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု၊ ပြည်သူအားလုံး ပါဝင်မှု တို့ဖြင့် ပူးပေါင်းပြီး တိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေးနှင့် တည်ငြိမ် အေးချမ်းရေးသည် ပြည်သူအားလုံး၏ လိုလားချက်များပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမည့် အစိုးရတစ်ရပ်အနေဖြင့်လည်း ပြည်သူများ၏လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်သဖြင့် ထိုသို့ဖြည့်ဆည်းနိုင် ရန် ယခုစီမံကိန်းတွင် လမ်းခင်းဆောင်ရွက်ပြီး လွှဲပြောင်းပေးသွားကြရမည်ဖြစ် ကြောင်း။
မကြာမီကာလတွင် အစိုးရသစ်က နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူမည်ဖြစ်သည့် အတွက် မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် ပေးခဲ့သည့် လုပ်ငန်းများနှင့် စီမံကိန်းများကိုပြီးပြတ်မှုရှိအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ယခင်ကာလအဆက်ဆက်က ဆောင်ရွက်နေသည့် စီမံကိန်း များ ဆက်လက်အကောင်အထည်ဖော်နေသည်များကိုလည်း စနစ်တကျ မှတ်တမ်း များနှင့် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ကာလများ အတိုင်း လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးကို အားလုံးက ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံ့အနာဂတ် ကောင်းမွန်ရန်ပညာရေးတွင် ခေတ်မီပြီး အရည်အသွေးမြင့်မား သည့် ပညာရေးစနစ်ဖြစ်စေရန် အခြေခံကောင်းများ ချမှတ်ပေးထားပြီး ဖြစ်ကြောင်း၊ အဆိုပါအခြေခံကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ပညာရေးကဏ္ဍတိုးတက် ရန် မြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးတွင်လည်း ဝန်ဆောင်မှု ကောင်းများရရှိစေရန်နှင့် လိုအပ်သည့်အခြေခံအဆောက်အအုံများ တိုးတက်စေရေး၊ ဆေးဝါးနှင့် စက်ကိရိယာများ ပြည့်စုံစွာရရှိစေရေးနှင့် အခြေခံကျန်းမာရေး စောင့် ရှောက်မှုရရှိရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
အနာဂတ်တွင် မျိုးဆက်သစ်လူငယ်များကို တိုင်းပြည်တည်ဆောက်ရေးတွင် အကျိုးရှိရှိ၊ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရေး ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်များပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ရေးတို့ကိုလည်းလေ့ကျင့်ပျိုးထောင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိကာလတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများသည် ကြိမ်ဖန်များစွာ ဖြစ်ပွားလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးထား ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ရေတိုက်စားမှုနှင့် ရေကြီး နစ်မြုပ်မှုဖြစ်စဉ်များမှ ကာကွယ်နိုင်ရေးတို့အတွက် လိုအပ်သည့်ကြိုတင်စီမံမှုများကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
နိုင်ငံတော်၏ လူမှုစီးပွားအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်ခိုင်မာ အောင် တည်ဆောက်ရာတွင် ကျေးလက်ဒေသများအပါအဝင် မြို့ရွာများ စနစ်တကျ နှင့် သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တိုးတက်စေရေးကို တိုင်းဒေသကြီး၊ ပြည်နယ် များအနေဖြင့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူထား ကြသည့် ဝန်ကြီးဌာနများနှင့် ဒေသအလိုက် တာဝန်ယူထားကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကလည်း မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အမြင် ကျယ်ကျယ်ဖြင့် ပြည်ထောင်စုက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အစွမ်းကုန် ကြိုးပမ်းကြရန်မှာကြားလိုကြောင်း။
ဒေသအသီးသီးတွင် အကြမ်းဖက်ဖြစ်စဉ်နှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက် စီးခဲ့သည့် အခြေခံအဆောက်အအုံများ အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရန် ဒေသ အနှံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်လည်း ဖြစ် ကြောင်း။
အကန့်အသတ်ရှိနေသည့် အရင်းအမြစ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် စီမံခန့်ခွဲ ရာ၌ ပြည်တွင်း၌ရှိသည့် အရင်းအမြစ်မျိုးစုံကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အသုံး စရိတ်များကို မလိုအပ်ဘဲသုံးစွဲခြင်းမျိုးမဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ရုံသာမက အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်သည့် မြန်မာ့ လူ့အဖွဲ့အစည်းအဖြစ် ရေရှည်ဖြစ်ထွန်း ပေါ်ပေါက်လာရေး အတွက်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဦးဆောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ယခုအစည်းအဝေးက အတည်ပြုမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းသည် နိုင်ငံတော်တာဝန်လွှဲပြောင်းရယူမည့် အစိုးရအဖွဲ့က သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ကြမည်ဖြစ်ပြီး စီမံကိန်းတွင်ပါဝင်သည့် ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းရည်မှန်းချက်များကို အောင်မြင်စေရန် အစိုးရနှင့် လွှတ်တော်များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ မည်ဖြစ်ကြောင်း၊ နောင်ပေါ်ပေါက်လာမည့် လွှတ်တော်များ၊ အစိုးရနှင့်ဌာနများ အကြား အပြန်အလှန် ထိန်းကျောင်းမှုများနှင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ် သည့်အတွက် အစိုးရဌာနဆိုင်ရာများအနေဖြင့် ရည်မှန်းချက်များ အောင်မြင်ရန် အတွက် အဆင့်ဆင့်တာဝန်ယူကြီးကြပ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက် အောင်မြင်ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝများ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြရာတွင်ယနေ့ကျင်းပသည့်အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး တွင် အတည်ပြုချက်ရယူမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရန်ရည်ရွယ်ပြီး ရေးဆွဲထားပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက် ဦးတည်ချက်များနှင့်အညီ အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် နိုင်ငံ့စီးပွားရေး၏ အသက် သွေးကြောဖြစ်သည့်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး၊ စိုက်ပျိုးမွေး မြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်မှုများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုမှတစ်ဆင့် ပို့ကုန်တိုးမြှင့်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးအဆင့်မြှင့်တင်နိုင် ရေးနှင့် လူတိုင်းလက်လှမ်းမီသင်ယူနိုင်သည့် ပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု တိုးတက်ရေး၊ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း။
အလားတူ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ အသစ်တည်ဆောက်မည့် လမ်း၊ တံတား လုပ်ငန်းများ၊ သဘာဝဘေးဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ များဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် စီမံကိန်းအသုံးစရိတ်များ ကိုလည်း စနစ်တကျထိရောက်စွာသုံးစွဲနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စီမံ ကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လေလွင့်မှုများမဖြစ်စေရေးနှင့် စီးပွား ရေးတိုးတက်မှုကို အထောက်အကူပြုပြီးပြည်သူများရရှိခံစားနိုင်မည့် လူမှုအကျိုးစီးပွား ဖြစ်ထွန်းရေးကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နောင်တာဝန်ယူမည့် အစိုးရသို့ တာဝန်လွှဲပြောင်းရာတွင် စနစ်တကျဖြစ်စေရေးစိစစ်ဆောင်ရွက်ထားရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆ ခုနှစ်၊ အမျိုးသား စီမံကိန်း(မူကြမ်း)ရေးဆွဲထားမှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုး သားစီမံကိန်းဥပဒေ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ဘဏ္ဍာနှစ်အလိုက် အမျိုးသားစီမံကိန်း လျာထားမှုနှင့် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ကဖြည့်စွက်ပြောကြားရာတွင် ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်ပြီး ပို့ကုန်နှင့်ပတ်သက်၍ လယ်ယာသားငါးထုတ်ကုန်များကို အဓိကတင်ပို့လျက် ရှိကြောင်း၊ အခြားတင်ပို့နိုင်သည်များလည်း များစွာရှိပြီး လုပ်ကိုင်နိုင်စွမ်း လျော့နည်း နေသည့်အတွက် ပို့ကုန်အားနည်းနေရခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်း ရှိမှသာလျင် ရောင်းကုန်၊ ပို့ကုန်ပစ္စည်းများရှိမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထုတ်လုပ် မှုအားနည်းချက်များရှိခြင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းတို့ကြောင့် ပို့ကုန် ပစ္စည်းများ အားနည်းနေရခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံဖြတ်ကျော်ခဲ့ရသည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ သည်ကို တွေ့မြင်ရကြောင်း၊ အတန်းပညာအားနည်းပါက အတတ်ပညာသင်ကြားရေး နှင့်ပတ်သက်၍လည်း အားနည်းချက်များဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့် အတတ်ပညာများကို သင်ယူရရှိနိုင်ရေး အတန်းပညာမြင့်မားရန်လိုအပ်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက် သည့် အတတ်ပညာရှင်များသည်လည်း များစွာလိုအပ်နေဆဲဖြစ်ကြောင်း၊ ယင်းအချက် သည် အမျိုးသားစီမံကိန်းများရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ် ကြောင်း။
မိမိတို့အနေဖြင့် အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှု ဆိုင်ရာ အသိပညာများရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံ့ လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ကို အဓိကထားလုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် နည်းလမ်း မျိုးစုံဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိ ရေးဆောင်ရွက်ပေးခြင်းသာမက အမှန်တကယ်အလုပ်လုပ်ကြရန်လည်း ဆောင်ရွက်ရ မည် ဖြစ်ကြောင်း။
ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဒေသ အလိုက် ဒေသတွင်းအခြေခံစားကုန်များ၊ ဟင်းသီးဟင်းရွက် သားငါးနှင့် ဥအမျိုးမျိုး တို့ကို ဖူလုံအောင် အားထုတ်ဆောင်ရွက်ကြမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချစေနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြင်ပသို့ ရောင်းချခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့သို့ ဆောင်ရွက်နိုင်ရေး ဒေသ တွင်း အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များစီမံခန့်ခွဲပေးခြင်း၊ ဖြည့် ဆည်းဆောင်ရွက်ပေးခြင်းနှင့် အခွင့်အလမ်းများဖန်တီးကြရမည်ဖြစ်ကြောင်း၊ ဒေသ တစ်ခုချင်းစီမှစ၍ မြို့နယ်အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆင့်ဆင့် ဝမ်းစာဖူလုံမှုမြင့်တက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်လာစေမည်ဖြစ် ကြောင်း။
ဆီထွက်သီးနှံနှင့်ပတ်သက်၍လည်း နိုင်ငံအတွင်း စားသုံးဆီဖူလုံမှုရှိစေရေး စတင်တာဝန်ယူစဉ်ကတည်းကပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုရှိရန် နှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိရန်လိုအပ်နေဆဲဖြစ်ကြောင်း၊အမျိုးသားစီမံကိန်းကော်မရှင် အနေဖြင့်လည်း စီမံကိန်းများရေးဆွဲရာတွင် ဆီထွက်သီးနှံဖူလုံရေးနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် ပြောကြားလိုခြင်းဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားဖူလုံရေးနှင့်ပတ်သက်၍လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ယခင်က ချမှတ်ဆောင်ရွက်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ် စီမံ ကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာသုံးစွဲနိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖူလုံမှုရှိစေရေးအတွက်လည်း အမျိုးသားစီမံကိန်းကော်မရှင် အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်စတင်တာဝန်ယူပြီးကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေး နှင့်ပတ်သက်၍ စက်သုံးဆီကားများ၊ ရထားများအစား၊ လျှပ်စစ်ကားများနှင့် လျှပ်စစ် ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန် တွင် EV ကားများအသုံးပြုနေကြပြီဖြစ်သကဲ့သို့ လျှပ်စစ်စွမ်းအင်သုံးရထားစက်ခေါင်း များ အသုံးပြု၍လည်း ရထားခရီးစဉ်များ ပြေးဆွဲပေးနိုင်နေပြီဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီရှား ပါးမှုဖြစ်ပေါ်လာနိုင်မည့်အခြေအနေတွင် လျှပ်စစ်ကားနှင့်ရထား များ၏အခန်းကဏ္ဍ သည် များစွာတိုးတက်လာစေမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အနေ ဖြင့်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ် ရေးတို့နှင့် ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်၍ အမြင်ကျယ်ကျယ်ဖြင့် ရေးဆွဲချမှတ် သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းကို ဆွေးနွေးညှိနှိုင်းကြပြီးဖြစ်ကြောင်း၊ ယခုအတည်ပြုခဲ့သည့် အမျိုးသားစီမံ ကိန်းကို အကောင်အထည်ဖော်ရာတွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ရာတွင် အစိုးရ၊ ဌာနများ အနေဖြင့် စီမံကိန်းဆိုင်ရာ အင်္ဂါရပ် များနှင့် ညီညွတ်ရန်လိုအပ်မည်ဖြစ်ပြီး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခေတ်ကာလအလိုက် တွေ့ကြုံရ သည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ လိုအပ်နေသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရန်နှင့် နောင်တာဝန်ယူကြမည့် အစိုးရထံစနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်ကာလတွင်ထင်သာမြင်သာရှိသည့် တိုးတက်မှု များရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ မြို့ပြအင်္ဂါ ရပ်များနှင့် ညီညွတ်မှု ရှိစေရေး၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲနိုင်ရေး စသည့် နယ်ပယ်များတွင် ပြောင်းလဲတိုးတက်စေရန်ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီးပွားရေး နှင့် ပတ်သက်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည် ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းစတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိချိန်ထိ လိုအပ်သည့်နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
သက်မွေးပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်များ၏ ဘဝ မြှင့်တင်နိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ် များ အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလအတွင်း မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဘက်ပေါင်း စုံတွင်အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုလား တောင့်တချက်များကို ပြည်တွင်း၌ရှိသည့် အင်အားဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်း ဖြည့် ဆည်းပေးခဲ့ကြကြောင်း။
ကောင်းမွန်ပြီးအစဉ်ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကိုဖန်တီးနိုင်ရေး စီးပွားရေး အင်အားကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အခက် အခဲအမျိုးမျိုး ကြားမှ တာဝန်ယူဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်သည့် နေရာတွင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်များရှိသကဲ့သို့ ပြည့်မီရန် လိုအပ်သည့်ကိစ္စရပ်များကိုလည်း ပေါင်းစပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးခဲ့ကြကြောင်း၊ အစိုးရနှင့် ပြည်သူလူထုများအကြား ယုံကြည်မှုအခိုင်အမာ တည်ဆောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေး စရိုက်လက္ခဏာ နှင့် အမျိုးသား စိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယများနဲ့ စည်းလုံးညီညွတ်စွာ ဆက်လက် ကြိုးပမ်းကြရန် လိုအပ်ကြောင်း။
“စည်းလုံးခြင်းသည် အင်အား၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” ဆိုသည့် ဆိုရိုးစကားများနှင့်အညီ တိုင်းပြည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အချင်းချင်းဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုနှင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ပြောင်းလဲလာ သည့်ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးလမ်းကြောင်းပေါ်တွင်နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ရှေးရှုပြီး ဆက်လက်လျှောက်လှမ်းသွားရန်ကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှေ့တန်းတင် ပြီး တစ်ထောင့်တစ်နေရာမှ မိမိတို့ကျရာတာဝန်များကို အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ပေးခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြသည့် ဝန်ထမ်းများနှင့် အလွှာအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ပြည်သူလူထုများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြု သည်ကိုပြောကြားလိုကြောင်း။
ယခုအတည်ပြုပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းပါ လုပ်ငန်းများကို လွှတ်တော်များ၏ သဘောတူညီချက်များနှင့် အညီ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ပြည်သူ အားလုံးတောင့်တပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်များ အောင်မြင်စေရေး နိုင်ငံ့ တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။


