ဒီနေ့မှာတော့ မီဒီယာများ မေးမြန်းနေကြတဲ့ စက်သုံးဆီကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားပါမယ်။ မနေ့ကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိက ထုတ်ပြန် ရတဲ့ အကြောင်းအရင်းကတော့ နံပါတ်တစ် ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီ မရှိလို့ မဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို့ ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို တွက်ဆပြီးတော့ ကျွန်တော်တို့ ခြိုးခြံချွေတာရေး အတွက် သာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ စနစ်တကျ အသုံးပြုပြီးတော့ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှု တစ်ရက်ကို ဓာတ်ဆီ ၁.၅ သန်းဂါလန်ရှိပါတယ်။ ဒီဇယ်ဆီ ၁.၇ သန်း ဂါလန်ခန့်ရှိပါတယ်။ စုစုပေါင်းရင်တော့ တစ်ရက်ကို ဆီဂါလန် ၃.၂ သန်းခန့် သုံးစွဲနေတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလန် သန်း ၆၀ ရှိပြီး စုပုံထားပြီး ဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ နီးပါး စုပုံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက် ၄၀ စာ ရှိတယ်လို့ ခိုင်မာစွာ ပြောကြားလိုပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းမှာ ယခုလက်ရှိ ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော ၂ စင်း ရောက်ရှိနေတာ ရှိပါတယ်။ ကျွန်တော်တို့ ဝယ်ယူထားပြီးသား လမ်းမှာ စက်သုံးဆီ သင်္ဘော ၁၄ စင်း ရှိပါတယ်။ အဲဒီ ၁၄ စင်းကလည်း ကျွန်တော်တို့ဆီကို ရက်ပိုင်းတွေအတွင်းမှာ ဆိုက်ကပ်လာနိုင်ပါတယ်။ ဘာအခက်အခဲမှ မရှိဘူးဆိုတာ ပြောလို ပါ တယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံ ထိုင်းနိုင်ငံအနေနဲ့က သူတို့နိုင်ငံကနေပြီး ဆီတင်ပို့တာ ပိတ်သိမ်းလိုက်ပြီဆိုတာကို ကြေညာတာနဲ့ပတ်သက်ပြီး တော့ ကောလာဟလသတင်းတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင် တာက ကျွန်တော်တို့သည် ဆီတင်သွင်းတာသည် အရှေ့တောင်အာရှနိုင်ငံတွေ ထဲကဆိုရင် စင်ကာပူနဲ့ မလေးရှားကနေ ကျွန်တော်တို့ တင်သွင်းနေတာ ဖြစ်ပါတယ်။ စင်ကာပူတို့ မလေးရှား တို့မှာလည်း ဆီနဲ့ပတ်သက်လာရင် သူ့မှာ ရေနံချက်စက်ရုံတွေ သူက ရှိပြီးဖြစ်ပါတယ်။ သူတို့နိုင်ငံတွေအနေနဲ့လည်း သူတို့ရေနံချက်စက်ရုံတွေကို ရပ်ပြီးတော့ နေမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံသွင်းပြီးတော့ လည်ပတ်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒါသည် သူတို့ရဲ့ လှုပ်ရှား ရမယ့် စီးပွားရေးလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် လည်ပတ်မှု ရပ်တန့်စရာ မရှိပါဘူး။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီစက်သုံးဆီ နဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာ အကြောင်းမရှိပါဘူး။
သို့သော် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့အခြေအနေအရ စက်သုံးဆီများကတော့ ဈေးနှုန်း များက ကမ္ဘာ့ဈေးနှုန်းနဲ့အညီတော့ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လည်း ဒီနေ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ လိုက်လံပြီးတော့ ပညာပေးတာတွေ၊ လိုက်လံပြီးတော့ အသိပေးတာတွေ၊ ပြည်သူလူထုကိုလည်း မေတ္တာရပ်ခံ အသိပေးတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ က လည်း မကြာခင်မှာ အများပြည်သူကို အသိပေးကြေညာချက်တစ်ခု ကြေညာမှာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စက်သုံးဆီနဲ့ ပတ်သက်ပြီးရင် ပြည်သူလူထုမစိုးရိမ်ဖို့ အကြောင်းတွေ ပါမှာဖြစ်တယ်၊ ဘယ်လိုထောက်ပံ့ရေးကွင်းဆက် စက်သုံးဆီမပြတ်တောက်ဖို့ ဘယ်လိုလုပ် မလဲ ဆိုတာတွေလည်း ပါမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူများအနေနဲ့ ယခုကျွန်တော်တို့ သိရှိရပါတယ်။ စက်သုံးဆီဆိုင်တွေမှာ လှုံ့ဆော်မှုတွေ၊ စိုးရိမ်မှုတွေကြောင့် တန်းစီဝယ်ယူနေတာ ရှိပါတယ်။ ဆီပြတ်သွားစရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ စနစ်တကျလိုတဲ့သူက ဝယ်မယ်၊ စနစ်တကျ လုပ်ဆောင်သွားကြဖို့ပဲ ပြောလိုပါတယ်။ ဆီနဲ့ပတ်သက်ပြီးတော့ ကျွန်တော် စက်သုံးဆီဆိုင် တွေကိုလည်း ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဆီနဲ့ပတ်သက်ပြီး မရောင်းတဲ့ စက်သုံးဆီဆိုင် တွေရှိရင်လည်း စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဖုန်းနံပါတ်တွေနဲ့ ထုတ်ပြန်ပါမယ်။ တိုင်ကြား နိုင်ပါတယ်။ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရရင် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေ တဲ့ စက်သုံးဆီပုံမှန်သုံးစွဲရင်တောင်မှပဲ ရက် ၄၀ စာ အရန်ရှိပါတယ်။ ဆိပ်ကမ်းမှာ မချရ သေးတဲ့ သင်္ဘော ၂ စင်း ရှိပါတယ်။ လမ်းမှာ စက်သုံးဆီများ ဝယ်ယူပြီးတော့ တင်ဆောင်ပြီး လာနေတဲ့ သင်္ဘော ၁၄ စင်း ရှိပါတယ်။ စက်သုံးဆီ ပြတ်တောက်စရာ အကြောင်းမရှိပါဘူး လို့ပဲ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
