အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ၂၀၂၆ မတ် ၁၁

Wednesday, March 11, 2026 - 16:45

အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၆ မတ် ၁၁

အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲ ကို မတ် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပ ပြုလုပ်ရာ  စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)တို့မှ တပ်မတော်အရာရှိကြီးများနှင့် အိန္ဒိယတပ်မတော် ဂေါက်သီးရိုက်အသင်းခေါင်းဆောင် Gp Capt   Anish Sharma ဦးဆောင်သော ကိုယ်စားလှယ် များတက်ရောက်ကြ သည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းက တီခုံအမှတ် ၁ ၌ ပြိုင်ပွဲ အထိမ်းအမှတ် Smoke Ball ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။  ပြိုင်ပွဲဝင်အား မတ် ၁၀ ရက်နေ့နှင့် မတ် ၁၁ ရက်နေ့တို့တွင် မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း တို့၌ ဆက်လက်ယှဉ်ပြိုင်ကစားကြပြီးနောက် ယနေ့ ညနေပိုင်းတွင် ရေပြာဂေါက်ကွင်း ၌ ဆုပေးပွဲနှင့်ညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် အကြီးတန်းတစ်ဦးချင်း၊ အငယ်တန်းတစ်ဦးချင်း၊ အသင်း လိုက်အကြီးတန်း၊ အငယ်တန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသူများ အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ပြီးနောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး‌ဇော်ဟိန်းနှင့် အိန္ဒိယတပ်မတော်ဂေါက်သီးရိုက်အသင်းခေါင်းဆောင် Gp Capt   Anish Sharma တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲ သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် လေးစားယုံကြည်မှုကို တိုးတက်စေမည်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် အိန္ဒိယ တပ်မတော်အကြား ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။