၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြ သည်။
ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ် ဌာနတို့၌ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁ ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး၊ စုစုပေါင်း ၂၆၈၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄၂၅၉ ဦး၊ ကျောင်းသူ ၁၅၀၉၆၉ ဦး၊ စုစုပေါင်း ၂၅၅၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမွေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး၊ စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေ ဆိုပြီး မတ် ၁၂ ရက် ကြာသပတေးနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် သောကြာနေ့တွင် သင်္ချာဘာသာရပ် မတ် ၁၄ ရက် စနေနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၆ ရက် တနင်္လာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် တနင်္ဂနွေနေ့ အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၁၁ ရက် နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။
စာမေးပွဲဖြေ(၁၁-၃-၂၀၂၆)
၁။ ကျွန်တော်တို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန(၂) မှာ ရောက်ရှိပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် လိုက်လံကြီးကြပ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာ ၄၈၆ ဦးရှိပါတယ်။ ဗဟန်းမြို့နယ်မှာ စာစစ်ဌာန ၂ ခုရှိပါတယ်။ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းနဲ့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ၊ ဒါက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဖြစ်ပါတယ်။ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာလည်း ၂၈၈ ဦး စာမေးပွဲ ဖြေပါတယ်၊ အားလုံးပေါင်း ၇၇၄ ဦး စာမေးပွဲဖြေကြပါတယ်။ ဒီနေ့ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ ဖြစ်တဲ့အတွက် ၁၇ ရက်နေ့အထိ အားလုံး အေးအေးချမ်းချမ်း ဖြေဆိုနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့တွေ၊ လုံခြုံရေးအဖွဲ့တွေ ၊ ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကလေးတွေ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်ထားပါတယ်။ နေ့တိုင်းလည်း ဒီလိုဆောင်ရွက်ပြီးတော့ ပြီးတဲ့အထိဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကလေးတွေ အေးချမ်းသာယာစွာ ဖြေဆိုနိုင်တဲ့အတွက် နောင်အနာဂတ်မှာ ကလေးတွေရဲ့ ပညာရည်ထူးချွန်မှုကို ရရှိခံစားရမှာဖြစ်ပါတယ်။
၂။ သမီးအခုဖြေဆိုခဲ့တဲ့ မြန်မာစာကို အေးအေးဆေးဆေးနဲ့ အောင်မြင်စွာဖြေဆိုနိုင်ခဲ့တယ်။ တနေ့စာ တနေ့လုပ်တယ်။ ကျောင်းကသင်တဲ့စာကို ညနေကျရင်ပြန်လုပ်တယ်။ ဒီလိုနဲ့ပဲ တစ်နှစ်ပတ်လုံး ကြိုးစားလာ တာပါ။ တနှစ်ပတ်လုံး ကြိုးစားလာခဲ့တဲ့ အရာမှန်သမျှ ၃ နာရီအတွင်းမှာ သမီးအောင်မြင်စွာဖြေဆိုနိုင်ခဲ့တယ် လို့ပြောချင်ပါတယ်။ စာမေးပွဲပြီးသွားရင်တော့ ကိုယ်ရတဲ့ အမှတ်နဲ့ညီတဲ့ တက္ကသိုလ်တတ်ဖို့ အစီအစဉ်ရှိပါ တယ်။
၃။ မြန်မာစာကို ဒီနေ့အတွက် အကောင်းဆုံးကြိုးစားပြီးတော့ ဖြေဆိုခဲ့တယ်။ အကောင်းဆုံးအမှတ်တွေ ရမယ်လို့လည်း မျှော်လင့်မိပါတယ်။ အစကတည်းကလည်း သေသေချာချာ နေ့စဉ်နေ့တိုင်း မပျက်မကွက်ဘဲ စာတွေကို သေချာလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် အခုအချိန်မှာလည်း စာမေးပွဲနီးလာလို့ အခက်အခဲလည်း မရှိဘဲ လွယ်လွယ်ကူကူနဲ့ စာကြည့်နိုင်ခဲ့တယ်။ ဆရာ / ဆရာမတွေရဲ့ သင်ကြားပေးတဲ့ ကျေးဇူးကိုလည်း သိတဲ့ အနေနဲ့ ပုံမှန်စာကြည့်ခဲ့တဲ့အတွက်ကြောင့် လွယ်လွယ်ကူကူနဲ့ အခက်အခဲမရှိဘဲ ဖြေကြားနိုင်ခဲ့ပါတယ်။ လေ့လာခဲ့တဲ့ ဘာသာရပ်တိုင်းကတော့ အားလုံးနီးပါးကတော့ ခက်ခဲတယ်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွယ်ကူတာလည်းဖြစ်နိုင်ပါတယ်။ အားလုံးက မိမိရဲ့ ကြိုးစားမှုအပေါ်မှာ မူတည်တယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ စာမေးပွဲပြီးကြီးပြီးသွားလို့ရှိရင်တော့ စာမေးပွဲရလဒ်အပေါ်မှာ မှုတည်ပြီးတော့ မိမိတက်ရောက်နိုင်တဲ့ တက္ကသိုလ်ကိုပဲ ဆက်လက်လျှောက်ထားပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ မျှော်လင့် ထားပါတယ်။

























