ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍

Tuesday, March 10, 2026 - 16:30

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြား နေပြည်တော်၊ မတ် - ၁၀

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှု

          ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က‌ ပြောကြားရာတွင် ယခုကဲ့သို့တွေ့ဆုံခြင်းသည် မိမိတို့အစိုးရ၏ဖြတ်သန်းလာခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း မိမိတို့အစိုးရအဖွဲ့၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရန်နှင့်ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို သုံးသပ် ရန် တွေ့ဆုံပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေး တိုးတက်မှုရှိစေရေးအတွက် ယခင်ကယေဘုယျအားဖြင့် နိုင်ငံတွင်ကျင့်သုံးသည့် စနစ်များအလိုက် အစိုးရများနှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်ကြကြောင်း၊ ယခု ခေတ်ကာလတွင် အစိုးရနှင့်ပါတီများသာမကပြည်တွင်း၌ဖွဲ့စည်းထားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ (NGO၊ INGO) များကပါ ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့ရ ကြောင်း။

 မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးစကာလမှစတင်၍ ခေတ်အဆက်ဆက် တွင် အစိုးရအဖွဲ့အမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စတင်၍ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ကြောင်း၊ အစိုးရ၊ လွှတ်တော်ဖြင့် နိုင်ငံကိုဦးဆောင်ခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့ အနေဖြင့် ဥပဒေနှင့်အညီဖြေရှင်းမှုမရှိဘဲ မဲမသမာမှုရလဒ်များဖြင့် ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မ ရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင် ရွက်ရခြင်းဖြစ်သဖြင့် အစိုးရအဖွဲ့ကိုဖွဲ့စည်းရာတွင် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုရှိ စေရေး တပ်မတော်သားများဖြင့်သာ သီးခြားဖွဲ့စည်းခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ပြီး အတွေ့အကြုံရှိသည့် အရပ်သားများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ်ဆောင်ရွက်ခဲ့ပြီးထိုအထဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပြီးဆုံးပါက ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း၊ သို့သော် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ပြီး တစ်ချိန် တည်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခက်အခဲအကြပ်အတည်းအမျိုးမျိုးကြားမှ နိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း။

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့မှု

မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် ရရှိနိုင်ရေးအတွက်  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ယူခဲ့ကြောင်း၊  အလားတူ မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM)များဖြင့် ဆန္ဒမဲများပေးနိုင်ရေး အတွက် လည်း ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း။

          ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဟု မိမိအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ပြည်သူလူထုနှင့်တွေ့ဆုံစဉ်  စတင်ပြောကြားခဲ့ ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက် ပေးခဲ့ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြင်ဆင်ချိန် ၃ နှစ်ခန့်အထိရရှိခဲ့ကြောင်း၊ ပါတီဝင်ဦးရေတိုးပွားရေးအတွက်လည်း ပါတီဝင်စည်းရုံးရေးလုပ်ငန်းများကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးထားခဲ့ကြောင်း၊ ပါတီဝင်ဦးရေပိုမိုရရှိအောင် စည်းရုံးခြင်းသည် ပြည်သူလူထုကိုစည်းရုံးခြင်းပင်ဖြစ်ပြီး ပြည်သူကိုတစ်စိတ်တစ်ပိုင်း စည်းရုံးခွင့်ရခြင်းပင်ဖြစ်ကြောင်း၊ ပါတီဝင်အင်အားများလာပါကထောက်ခံသူ များပြား လာမည်ဖြစ်ပြီး ပါတီဝင်များစုဆောင်းခွင့်နှင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းစဉ်များကို လည်း နည်းလမ်းတကျခွင့်ပြုပေးထားခဲ့ကြောင်း၊ သို့သော်လည်း အချို့ပါတီများ အနေဖြင့် ပေးထားသည့်အခွင့်အလမ်းများကို ထိရောက်စွာအသုံးချနိုင်မှုမရှိခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူများနှင့် ပိုမိုထိတွေ့သည့်ပါတီများမှ ပြည်သူ့ထောက်ခံမဲများ ပိုမိုရရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်သည့်ပါတီ(၆) ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားပြု ယှဉ်ပြိုင်သည့်ပါတီ (၅၁)ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ(၅၇)ပါတီပါဝင်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများတည်ထောင်၍ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း။

     ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းစလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်အနက် မဲပေးခဲ့သည့်အရေအတွက် မှာ ၁၃ ဒသမ ၁၄ သန်းကျော် ရှိခဲ့ကြောင်း၊ ထို့ကြောင့် မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ မဲပေးခဲ့သည့်အရေအတွက်ကို ခွဲခြားလေ့လာ ကြည့်မည်ဆိုပါက အသက် ၁၈ နှစ်နှင့် ၄၀ နှစ်ကြားတွင် ၄၅ ရာခိုင်နှုန်း၊ အသက် ၄၀ မှ ၅၀ နှစ်အကြားတွင် ၂၀ ရာခိုင်နှုန်းပါဝင်နေသည်ကို တွေ့ရှိရသည့်အတွက် လူငယ် အုပ်စုများအနေဖြင့် ကျင်းပခဲ့သည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိစွာဖြင့် အများဆုံး ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲ၌ နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ မီဒီယာများလာရောက်လေ့လာခြင်း၊ သတင်းရယူ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမစတင်မီ မမှန်မကန်စွပ်စွဲချက်များရှိ သော်လည်း ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး၌ လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲအား နိုင်ငံတကာအသိုင်းအဝန်းက မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရ သဖြင့် မဟုတ်မမှန်စွပ်စွဲချက်များ တိတ်ဆိတ်သွားကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ပြည်သူများက ရွေးချယ်ပေးခဲ့သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ ပေါ်ထွက်လာပြီဖြစ်ခြင်းကြောင့် ယခုမတ်လထဲတွင် လွှတ်တော် အစည်းအဝေးများကို ကျင်းပခြင်းနှင့်အတူ၊ ဧပြီလတွင် ထွက်ပေါ်လာမည့် အစိုးရကို နိုင်ငံတော်အာဏာ ထမ်းဆောင်နိုင်ရန် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ် ကြောင်း။

ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေး ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု

     ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေုးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဖြင့်ဆက်လက် လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉)ကြိမ်၊ NCA လက်မှတ် ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် (၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနှင့်(၂၂)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃)ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း။

ထိုကဲ့သို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက် များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အခြေခံဥပဒေများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင် နေကြသည့်အခြေအနေများရှိနေကြကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင် ရန်များရှိနိုင်ကြောင်း၊ အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေ ရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန်လိုကြောင်း၊ အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါ ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမျိုးသား အဆင့်အားလုံးပါဝင်သည့် အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်း ရေးစကားဝိုင်း၊ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများဖော်ထုတ်နိုင် ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့်လူငယ်များ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှုရှိလာစေရေးအတွက် လူငယ် ငြိမ်းချမ်းရေးဖိုရမ်များကိုလည်း ကျင်းပပေးခဲ့ကြောင်း၊ အဆိုပါဖိုရမ်များမှရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေးကိုဆောင်ရွက်ရာ၌ လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ်ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊

 မိမိတို့အစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ် သည့် မီဒီယာကဏ္ဍအားကောင်းစေရေးအတွက်လည်း အားပေးဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံပိုင်မီဒီယာအပြင် အခြားမီဒီယာများကိုလည်း အဆင့်မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက် စေရန် နည်းပညာအပါအဝင် အခြားထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း၊ ထို့အပြင် မီဒီယာနှင့်စာနယ်ဇင်းသမားများအပါအဝင် ရုပ်ရှင်၊ ဂီတ၊ သဘင် တို့မှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိနေသည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့ အသီးသီးတို့အတွက်လည်း လိုအပ်သည့်ကူညီ ထောက်ပံ့ပေး မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း။

အနုပညာရှင်များအနေဖြင့် ယခုကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ပါဝင်အား ဖြည့်ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာရပ်များ ရေရှည်တည်တံ့နိုင်စေရေးအတွက် နယ်ပယ်အသီးသီးမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် ဆုတံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း၊ အနုပညာနယ်ပယ်အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ မိမိတို့အနေဖြင့် အားပေးချီးမြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအားများအနေဖြင့် မိမိတို့ ဆောင်ရွက်ခဲ့ သည်များကို သုံးသပ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုအပေါ်တွင် သင်ခန်းစာယူသုံးသပ်၍ နောင်လာမည့်အစိုးရအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးသွားရန် လိုကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းနှင့် MSME လုပ်ငန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့မှု

   စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး  ကုန်ထုတ်လုပ်ငန်းကို အခြေခံ၍ နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသ တွင် နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာသားငါးကဏ္ဍကို ဆောင်ရွက် နေကြသူများဖြစ်ကြောင်း၊ မြို့ပြတွင်နေထိုင်သူ ၃၀ ရာခိုင်နှုန်း၌ပင် ၎င်းကဏ္ဍနှင့် စီးပွားရေး ဆောင်ရွက်နေသည်များ ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industires) ကိုဆောင်ရွက်ရန်အတွက် စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသတွင်း နိုင်ငံများတွင် လည်းစိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်ကဏ္ဍကို အဓိကဆောင်ရွက် ကြပြီး စက်မှုလုပ်ငန်းများ ကိုလည်းဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပပို့ကုန်များရရှိ အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

          စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ပြည့်မီ အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး အသိပညာနှင့် အတတ် ပညာများ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များနှင့် သွင်းအားစုများ လိုအပ် ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း များကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ အခြေခံပညာအထက်တန်း ကျောင်းများတွင်လည်း စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့်အခြေခံ အသိ ပညာများကိုလည်း သင်ကြားပေးလျက်ရှိပြီး လာမည့်ပညာသင်နှစ်တွင် အလယ်တန်း အဆင့်၌ပါ သင်ကြားပေး၍ နိုင်ငံ၏အဓိကစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ကဏ္ဍ၌အားကောင်းလာစေရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ခရိုင်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း။

          ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည့် နိုင်ငံများ၌ပင် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍသည် အရေးပါလျက်ရှိပြီး ၎င်းကဏ္ဍကိုအခြေခံ၍ အဆင့်မြင့်ထုတ်ကုန်များထုတ်လုပ် နေသည်ကိုတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ အခြားနိုင်ငံများထက် နည်းပါးနေခြင်းကြောင့် ပြည်ပပို့ကုန်များနည်းပါးနေခြင်းဖြစ် ကြောင်း၊ ထိုသို့ပြည်ပ ပို့ကုန်နည်းပါးခြင်းကြောင့်နိုင်ငံခြားဝင်ငွေများနည်းပါးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားပို့ကုန်များပိုမိုတင်ပို့နိုင်ရန်အတွက် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရန်လို ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ GDP များတိုးတက်လာမည်ဖြစ်ကြောင်း။

          ယခင်ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိခဲ့ပြီး ယင်းကို သင်ခန်းစာရယူ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကိုမြှင့်တင်ကာပြည်ပပို့ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအား ကြိုးပမ်းမြှင့်တင်မှုမရှိဘဲ ပုံမှန် အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရည်မှန်း ချက်ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံသားတိုင်း တစ်ဦးချင်း အမှန်တကယ် အလုပ်လုပ်မှသာလျင် တစ်ဦးချင်းဝင်ငွေများတိုးတက်လာပြီး နိုင်ငံ့ဝင်ငွေများ တိုးတက် လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက်နေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများရှိမှသာ ဒေသဝမ်းစာဖူလုံမှုကိုဖြစ်စေနိုင်မည်ဖြစ်ပြီး အခြေခံစား ကုန်များ၏ ဈေးနှုန်းများသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းတွင်ရှိနေစေမည် ဖြစ်ကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုများ ကိုက်ညီမှုမရှိခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များကြီးမြင့်ခြင်းတို့ကြောင့်သာ အချို့ဒေသများ၌ ကုန်ဈေး နှုန်းများ ကြီးမြင့်နေခြင်းဖြစ်ကြောင်း၊ ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန် များကို အခြေခံပြီးထုတ်လုပ်သည့် တိရိစ္ဆာန်အစာများဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

     မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများအားပေးနိုင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန် နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊  ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် MSME လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်တွင်းထုတ်ကုန်များတိုးတက်လာပြီး ပြည်ပ သွင်းကုန်များကို များစွာအစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါတွင် အစိုးရအားပေးမှု နှင့်အတူ MSME လုပ်ငန်းများအနေဖြင့် ယခင်နှင့်မတူအောင်ဖွံ့ဖြိုးတိုးတက်မှုရရှိနေပြီ ဖြစ်ပြီး ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက်၌လည်း MSME လုပ်ငန်းများကို ယခုထက်ပိုမိုအားပေး ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားရရှိ အောင် ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industires)တွင် MSME ကုန်ထုတ် လုပ်ငန်းသည် မဖြစ်မနေလိုအပ်ပြီး MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေနိုင်သည်ဖြစ်သဖြင့် လုပ်ငန်းလိုအပ် ချက်များအပေါ် နည်းလမ်းရှာဖွေကျော်ဖြတ်၍ အောင်မြင်အောင် ဆောင်ရွက်သွားကြ ရန် လိုကြောင်း။ 

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်လာစေရေး ဆောင်ရွက်ခဲ့မှု

          ပို့ဆောင်ရေးနှင့်ပတ်သက်၍ မိမိအနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင် ရေးစနစ် Public Transportation ကို ပိုမိုအားပေးဆောင်ရွက်ခဲ့ကြောင်း၊ တိုးတက် လျက်ရှိသည့်နိုင်ငံများတွင်လည်း မီးရထားအပါအဝင် အများပြည်သူသုံး သယ်ယူ ပို့‌ဆောင်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြကြောင်း၊  မိမိတို့အစိုးရတာဝန်ယူစဉ်ကာလအတွင်း ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချော မွေ့စွာခရီးသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စွာဖြင့် ဆောင်ရွက် နိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး ရထားလမ်းများအဆင့်မြှင့်တင်ခြင်း နှင့်မီးရထား ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုအား မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံတော် ဘက်ဂျက်များဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရထားလမ်းပြေးဆွဲမှု များ ပိုမိုတိုးတက်ကောင်းမွန်လာပြီး မီးရထားများ၏အမြန်နှုန်းကို ကီလိုမီတာ ၁၀၀ အထိမောင်းနှင်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ မှတဆင့်  ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာ စေရေးအတွက် ပုသိမ်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ ညောင်ဦး၊ ထားဝယ်၊ မြိတ် လေဆိပ် တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။

          မိမိတို့အနေဖြင့်နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်တွင် EV ကားများ အသုံး ပြုရန်အတွက် တိုက်တွန်းခဲ့သကဲ့သို့ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးအခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံ၌လည်း လောင်စာဆီများ အခက်အခဲဖြစ်ပေါ် လျက် ရှိချိန်တွင် လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များ၏ အခန်းကဏ္ဍသည် မြင့် တက်လာနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီအခက်အခဲများကြောင့်  မိမိတို့အနေဖြင့် မလိုလားအပ်ဘဲ လောင်စာဆီသုံးစွဲနေမှုများအား အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ၍ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း။

ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ခဲ့မှု

          ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးသည် မရှိမဖြစ်လိုအပ်သည့် “အခြေခံအုတ်မြစ်တစ်ခု”ဖြစ်ပြီး ပိုမိုကောင်းမွန်ခိုင်မာသည့် လူနေမှုစနစ်ကို ပညာရေးဖြင့် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၏ သွင်ပြင်လက္ခဏာများ ကောင်းမွန်စေရေး၊ စာကြည့်တိုက် များ၊ သုတေသနဌာနများ၊ အားကစားခန်းမများအပြင် အခြားသော အခြေခံအဆောက် အဦများ၊ သင်ကြားမှုသင်ယူမှုအထောက်အကူ ပြုပစ္စည်းများ ပြည့်စုံကောင်းမွန်စေရေး တို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှဖြည့်ဆည်းပေး လျက်ရှိသကဲ့သို့ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များနှင့် ကျောင်းများအလိုက်မှ လည်း စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏အရည်အသွေးကို မြှင့်တင်ပေးခဲ့ကြောင်း၊ အထူးသဖြင့် နေပြည်တော်  တွင် Napyitaw State Academy နှင့် Napyitaw State Polytechnic University တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခု၌လည်း Polytechnic University များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တိုးချဲ့ ဖွင့်လှစ်ပေး နိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်၏ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းအဆက်ဆက်ကို ပြန်ကြည့် မည်ဆိုပါက ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိခဲ့သည်ကို တွေ့မြင် ရမည်ဖြစ်ကြောင်း၊ ဘုရင်စနစ်ကျင့်သုံးခဲ့သည့် အချိန်ကာလများတွင် မိမိတို့အနေဖြင့် အတတ်ပညာ၊ စာပေ၊ အနုသုခုမနှင့် ယဉ်ကျေးမှုတို့၌ အဆင့်အတန်းမြင့်မားခဲ့ကြောင်း၊ သို့သော်လည်း အချင်းချင်း ညီညွတ်မျှတမှုအားနည်းပြီး အပြန်အလှန်တိုက်ခိုက်နေကြ သောကြောင့် စာပေပညာနှင့် အတတ်ပညာများကို လက်ဆင့်ကမ်းနိုင်မှုအားနည်းခဲ့ကြ ခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် ပညာရေးဖိနိပ်ခံရမှုများရှိခဲ့သကဲ့သို့ လွတ်လပ်ရေး ရရှိပြီးချိန်မှစတင်၍ ပြည်တွင်း မငြိမ်မသက်မှုများကြောင့် ပညာရေးအားနည်းမှုများဖြစ် ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်းအချို့ဆူပူမှုဖြစ်ပေါ်ပြီး တည်ငြိမ်မှုမရှိသည့်ဒေသများတွင် ပညာရေးကို ပိုမိုထိခိုက်စေသည်ကို တွေ့ရကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ငြိမ်းချမ်းမှု မရှိပါက နိုင်ငံဖွံ့ဖြိုးတိုး တက်မှုကို ဖော်ဆောင်ရန် များစွာ အခက်အခဲရှိနေဦးမည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက် သည့် လိုက်လျောမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒေသနှင့် နိုင်ငံတော်အကျိုးကိုသာဦးတည်၍ ဖြစ်နိုင်သည်များကို သာ တောင်းဆိုသွားကြရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ကျောင်းမနေနိုင်သည့်အရွယ်များကို ကျောင်းပြင်ပ ပညာရေးဖြင့်ဆောင်ရွက်ပေးလျက်ရှိပြီး စာကြည့်တိုက်များတိုးချဲ့ဖွင့်လှစ်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်သူများအနေဖြင့် အဆိုပါစာကြည့်တိုက်များ၊ စာအုပ်စာပေများ၊ ဆောင်းပါးများမှတဆင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် အသိပညာ ဗဟုသုတများရရှိစေနိုင်မည်ဖြစ်ကြောင်း၊ စာပေဗဟုသုတများ၊ ဆောင်းပါးများကို ရေးသားဖော်ပြကြရာတွင်လည်း အများပြည်သူများ လက်လှမ်းမီစွာဖြင့်လွယ်ကူ ရှင်းလင်းစွာ သိမြင်နိုင်မည့်အသုံးအနှုန်းများဖြင့် ရေးသားဖော်ပြကြရန်လိုကြောင်း။

ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ခဲ့မှု

          ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းရပ်များကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းအနေဖြင့် ယခင်နှစ်များထက် တိုးမြင့်လာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေသည့်အတွက် ဆက်လက်မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေး လူနေမှုစနစ်ကို မြှင့်တင်ပေးရမည်၊ ကျန်းမာရေးနှင့် ညီညွတ်မျှတ ပြီး အာဟာရပြည့်ဝစွာစားသုံးနိုင်ရမည်၊ အသိပညာမြင့်မားစေရေး ကျောင်းပညာရေး ကို လူတိုင်းသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊ နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေးအတွက် အစိုးရ အနေဖြင့်တာဝန်ရှိပြီး ဘက်ပေါင်းစုံမှစဉ်းစား၍ မြှင့်တင်ဆောင်ရွက် ပေးရမည်ဖြစ် ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးသည် တိုင်းပြည်၏အသက်ပင်ဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတိုးတက်စေရေး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း။

နိုင်ငံတကာဆက်ဆံရေးဆောင်ရွက်ခဲ့မှု

          နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တက်ကြွ သော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူ (၅)ချက်နှင့်အညီ စောင့် ထိန်းလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ထမ်းဆောင် ချိန်များအတွင်း ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် ကာဇတ်စတန်နိုင်ငံများသို့ ခရီးစဉ်များသွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် မိမိတို့နိုင်ငံ၏အကျိုးစီးပွားများကို ပိုမိုမြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ များ လာရောက်လေ့လာခဲ့ကြပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲ တစ်ရပ် ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို ၎င်းတို့တွေ့မြင်ခဲ့ရကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

     အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုမှုနှင့် ပတ်သက်၍လည်း နိုင်ငံ တော်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် မှ ၂၀၂၆ ခုနှစ် တရားရင်ဆိုင်မှုကာလအထိ တရား စီရင်မှုအဆင့်အားလုံးတွင် ပါဝင်ရင်ဆိုင်ခဲ့ပြီး ဥပဒေကြောင်းအရ ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။

အွန်လိုင်းလိမ်လည်လောင်းကစားမှုများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးတို့နှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ထိထိရောက်ရောက်တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းလိမ် လည်လောင်းကစားမှုကျူးလွန်သည့်နေရာများနှင့် ကျူးလွန်ရာတွင်ပါဝင်ပတ်သက်ခဲ့သူ များအားဖော်ထုတ်ရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသည့်နေရာများအား ဖော် ထုတ်ရှင်းလင်းခြင်းများကို မိမိတို့အနေဖြင့် အင်ပြည့်အားပြည့်ဖြင့် ထိရောက် ပြင်းထန်စွာ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် နေရာများကိုလည်း ဆက်လက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများမရှိစေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လက်ရှိအချိန်အထိဖော်ထုတ် ရှင်းလင်းရရှိမှုများနှင့်နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ် ဆေးဝါးကိစ္စရပ်များကို သုံးသပ်ကြည့်မည်ဆိုပါက အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားနှင့် ဆက်လက်ရှင်သန်ရပ်တည်ရေး အတွက် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများကို ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့် မိမိတို့နယ်မြေအတွင်း ထိုသို့လုပ်ဆောင်နေမှုများ မရှိအောင်ဆောင်ရွက် သွားကြရန်လိုကြောင်း။

          တစ်ဆက်တည်းတွင် တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍လည်း ထိန်း သိမ်း ဆောင်ရွက်ရန်တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွား ကြရန်မှာကြားလိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကိုနည်းလမ်းမျိုးစုံဖြင့် အားပေး ဆောင်ရွက်နေကြသည့် အကျင့်ဆိုးကို တိုက်ဖျက်ရန်လိုကြောင်း၊ ၎င်းအကျင့်ဆိုးသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် အဂတိလိုက်စားမှုများကိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များအတွက်လည်း ဝင်ငွေများ ရရှိနေမည်ဖြစ်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း ထိခိုက်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားမဝင်ကုန်စည်စီးဆင်းမှုများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် နည်းလမ်း မျိုးစုံဖြင့် ထိခိုက်နစ်နာစေနိုင်သောကြောင့် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် ကြရန်မှာကြားလိုကြောင်း။      

          မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်ကာလအတွင်း အခက်အခဲအကြပ်အတည်းပေါင်းများစွာမှ ကြံ့ကြံ့ခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့ချိန်ကာလများအတွင်း နိုင်ငံတော်အတွက် သစ္စာရှိစွာဖြင့် လက်တွဲလုပ်ဆောင်ခဲ့မှုများအတွက် အားလုံး ကို အထူးပင်ကျေးဇူးတင်ရှိပြီး မိမိတို့၏တာဝန်ထမ်းဆောင်မှုများသည် နိုင်ငံတော်တွင် မှတ်ကျောက်တင်ခံခဲ့ကြမည်ဖြစ်ကြောင်း၊ နောင်လာမည့်အစိုးရအနေဖြင့် ယခုကဲ့သို့ အခက်အခဲများကြုံတွေ့ရမှုမရှိစေရေးအတွက် မိမိတို့တာဝန်ထမ်းဆောင်ခဲ့ရချိန်ကာလ များအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်အတွေ့အကြုံများကို ပြည့်ပြည့်စုံစုံ ဖြင့် ရေးသားဖော်ပြ၍ စနစ်တကျ လွှဲပြောင်းပေးသွားကြရန်လိုကြောင်းနှင့် ကောင်းမွန် သည့်လုပ်ဆောင်မှုများကို လက်ဆင့်ကမ်းပေးခဲ့ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။