(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြု နေပြည်တော်၊ ၂၀၂၆ မတ် ၂

Monday, March 2, 2026 - 16:15

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

နေပြည်တော်၊ ၂၀၂၆ မတ် ၂

          ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ယနေ့တွင်  ကျရောက်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကိုနားလည်စေရန် ရှေးရှု၍ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေ အရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ်၊ လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အရ ပြစ်မှုများမှအပ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ် ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိ သော အကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်အား လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၂၈၂၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန် ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အား လည်းကောင်း ခွင့်ပြုခဲ့သည်။

          ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိ သော အကျဉ်းသား/ အကျဉ်းသူ ၇၃၃၇ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန် ပါက ၎င်းပြစ်ဒဏ် အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

          ၎င်းအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)ဖြင့် လည်းကောင်း၊ ယင်းပြစ်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦး၏ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်း၍ တရားခံများအား အမှုမှကင်းလွတ်ခွင့်ပြုခဲ့သည်။

          နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း  လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြား ရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထား ပြီး ယခုပြန်လည် လွတ်မြောက်လာသည့်အချိန်တွင် မိဘဆွေမျိုးများက ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။