ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇
ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနား ကို ယနေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အဦ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူ တာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်း အနား ဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ကအမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် Digital Transformation ဟုခေါ်သည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအရှိန်အဟုန်ဖြင့် တိုးတက် နေသည့်ခေတ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီဂျစ်တယ်မြန်မာနှီးနှော ဖလှယ်ပွဲနှင့်ပြပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်များမှာ အစိုးရ၏အုပ်ချုပ်ရေးယန္တရား အပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို အရှိန် အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာ မြှင့်တင်ရန်၊ စီးပွားရေး လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟ စနစ်တစ်ခု တည်ဆောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရတနာပုံမြို့သစ်တွင်ကျင်းပခြင်းဖြစ် ကြောင်း။
ရတနာပုံမြို့သစ်ကို တစ်နည်းအားဖြင့် ရတနာပုံဆိုက်ဘာစီးတီး၊ မြန်မာနိုင်ငံ၏ Silicon Valley ဟု လူသိများကြောင်း၊ မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာ ဒေသတစ်ခုအဖြစ် ရည်ရွယ်ကာ ၂၀၀၆ ခုနှစ်၊ ဇွန်လ၌ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ ICT ကဏ္ဍဖွံ့ဖြိုး တိုး တက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ မြန်မာ့နည်းပညာ ရှင်များအတွက် သုတေသနနှင့် တီထွင်ဖန်တီးမှုများပြုလုပ်နိုင်မည့် အချက်အချာနေရာ တစ်ခု ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက် ၃ ခုဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း။
ရတနာပုံမြို့သစ်တွင် မြန်မာနိုင်ငံ၏ အဓိက အင်တာနက်နှင့်ဆက်သွယ်ရေး ဝန်ဆောင်မှုဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ကြောင်း၊ အိုင်တီလုပ်ငန်းသစ် (Startups)များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများ၊ Incubation Center များ၊ Education Zone ဖြစ်သည့် နည်းပညာ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ထည့်သွင်းရန် လျာထားခဲ့ ကြောင်း၊ နည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် High-Tech Zone အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေမည့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း။
ရတနာပုံမြို့သစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာအခြေခံအဆောက်အအုံများနှင့် လိုအပ် ချက်များကို အကောင်အထည်ဖော် အဆင့်မြှင့်တင်ပေးရမည်၊ ရင်းနှီးမြှပ်နှံမှုကို ဆွဲ ဆောင်ရန် လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းချမှတ်ပေးရမည်၊ အဓိက အနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည်ဖော်ကြရမည် ဖြစ် ကြောင်း။
ရတနာပုံမြို့သစ်သည် မန္တလေးမြို့၏ အပူပိုင်းရာသီဥတုနှင့် ပြင်ဦးလွင်မြို့၏ အအေးပိုင်းရာသီဥတုအကြားတွင် တည်ရှိသောကြောင့် အိုင်တီလုပ်ငန်းများအတွက် သင့်တော်သည့်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအချက် အချာကျသည့် မန္တလေးမြို့နှင့် အနားယူအပန်းဖြေရာ မြို့တော်ဖြစ်သည့် ပြင်ဦးလွင် မြို့အနီးတစ်ဝိုက်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတသည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တည်နေရာ အနေ အထားအရ အခြေခံကောင်းများရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မြို့သစ်၏ အနီးဝန်းကျင်တွင်ရှိသည့်နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးမြို့ အနီးပတ်ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ လူ့စွမ်း အားအရင်းအမြစ်များကို Internship အလုပ်သင်အနေဖြင့် သုတေသန ပြုလုပ်ရယူ အသုံးပြုနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်သည့် အားသာချက် တစ်ခုအနေဖြင့် ရှိနေ သည်ကိုတွေ့ရကြောင်း။
မိမိတို့အနေဖြင့် ASEAN Digital Master Plan ၏ ရည်မှန်းချက်များဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက် အဝန်း (Inclusive Digital Community)၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်ဂေဟစနစ် (Trusted Digital Ecosystem)၊ ဆန်း သစ် တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy)၊ အနာ ဂတ် အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce)၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း။
ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်သည့်နေရာ၌ မြို့ပြနှင့် ကျေးလက်ဒေသ အားလုံး လူတိုင်းလက်လှမ်းမီနိုင်သည့် လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်းချိုသာသည့် အင်တာနက်ချိတ်ဆက်မှု ရရှိရန်၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ဒစ်ဂျစ်တယ် နည်းပညာကို အလွယ်တကူ အသုံးပြုနိုင်စေ ရန်၊ ဆိုက်ဘာလုံခြုံရေးကိုမြှင့်တင်ပြီး ဒေသတွင်းဆိုက်ဘာတိုက်ခိုက်မှုများကို စုပေါင်း ကာကွယ်ရန်၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းပြီး သုံးစွဲသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ဆောင်ရွက် သွား ကြရမည်ဖြစ်ကြောင်း။
ထို့အပြင် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်၊ Artificial Intelligence (AI) ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် AI ဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရန်၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ပညာရှင်များ မွေး ထုတ်ပေးရန်နှင့်လုပ်ငန်းခွင်အတွင်း နည်းပညာအသုံးချမှုကို တိုးမြှင့်ပေးရန်၊ ဒစ်ဂျစ် တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် စသည်တို့ကိုလည်း အကောင် အထည် ဖော်သွားကြရန်လိုကြောင်း။
၂၀၂၆ ခုနှစ်တွင် ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်နေ သောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာ (Responsible AI)ကို အထူးအလေးပေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အာဆီယံနိုင်ငံအချင်းချင်း AI ဆိုင်ရာကျင့်ဝတ်စံနှုန်း (Ethical Guidelines)များကို ညှိနှိုင်းပြီး ဘေးကင်းသည့် AI အသုံးချမှုကို ဖော်ဆောင်နေသည်ကို တွေ့ရကြောင်း၊ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများ လည်း များလာကြောင်း၊ ယင်းကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများကြားတွင် သတင်းအချက်အလက်မျှဝေခြင်း ကွန်ရက်ကို အရင်ကထက် ပိုမိုခိုင်မာအောင် တည် ဆောက်ရန် ရည်မှန်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း။
ယခုကဲ့သို့ ရတနာပုံမြို့သစ်တွင် လူငယ်များ၏ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီများ၏ ခေတ်မီနည်းပညာသစ်များကို တစ်နေရာတည်းတွင် မြင်တွေ့ခွင့်ရပြီး နည်းပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ခွင့်ရနိုင်မည့် ယခုပွဲကို ကျင်းပနိုင်သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
ယခုနည်းပညာဖလှယ်ပွဲနှင့် ပြပွဲမှတဆင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Software များ၊ Hardware များနှင့် ဆန်းသစ်သည့် Solution များကို ဖန်တီးနိုင်မည်ဟု မိမိတို့ ယုံကြည်ပါကြောင်း၊ ယခုနည်းပညာပြပွဲတွင် ပြသထားသည့် ကျောင်းသား လူငယ်များ၏ Project များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များဖြစ်လာရန် မျှော်လင့်ပါ ကြောင်း။
ယခုကဲ့သို့ ကျင်းပရာတွင် နည်းပညာပြပွဲတင်မကဘဲ နည်းပညာ နှီးနှောဖလှယ် ဆွေးနွေးပွဲများကိုပါ ထည့်သွင်းထားသည်ကိုတွေ့ရကြောင်း၊ ယခုဆွေးနွေးပွဲများမှ တဆင့် ဉာဏ်ရည်တုနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ၊ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦနှင့် ဆန်းသစ်တီထွင်မှု စသည့် ခေါင်းစဉ်များကို ကျွမ်းကျင်သူများမှ နှီးနှောဖလှယ်သွားကြမည်ဟုသိရကြောင်း၊ တက်ရောက် လာသူ များအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်နှင့် ပညာရေးတွင် အသုံးချနိုင်မည့် အတွေ့အကြုံ သစ်များရရှိသွားမည်ဟု မျှော်လင့်ကြောင်း။
ထို့အပြင် ယခုနှီးနှောဖလှယ်ပွဲမှ နည်းပညာလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဝါသနာရှင် ကျောင်းသားလူငယ်များအကြား အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာတီထွင်မှုများကို အသိအမှတ်ပြု ဖော်ထုတ်ပေးခြင်းနှင့် ပြည် တွင်းအခြေစိုက် အီလက်ထရောနစ် စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။
ယခုနည်းပညာပြပွဲနှင့် ဆွေးနွေးဟောပြောပွဲများမှ နိုင်ငံတော်၏ IT ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် ဆိုက်ဘာနည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် ဉာဏ်ရည်တုနည်းပညာ၊ ဂြိုလ်တု နည်းပညာများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကျိုးရှိမည့်ရလဒ်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ရတနာပုံ မြို့သစ်စီမံကိန်း ဧရိယာ အတွင်း အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများ အဓိကထုတ်လုပ်နိုင်ရေးနှင့် နည်းပညာ တက္ကသိုလ်များ ချိတ်ဆက်ပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေရေးတို့ အတွက် လမ်းပြမြေပုံတစ်ခု၊ မဟာဗျူဟာတစ်ခု ချမှတ်နိုင်ရေး အထောက်အကူပြုစေ ရန် မျှော်လင့်ပါကြောင်း။
ထိုကဲ့သို့ မဟာဗျူဟာများ ရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ခြင်းတို့ကို ရေရှည်စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လက်တွေ့ကျကျ လေ့လာသုံးသပ်ကြရန် လိုအပ်ကြောင်း၊ ဘက်ပေါင်းစုံမှ စဉ်းစားပြီး အားနည်းချက် မရှိသည့်၊ ပြည့်စုံမှန်ကန်သည့်လုပ်ငန်းမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ရေရှည်အကျိုးရှိစေပြီး နိုင်ငံတကာကို ထိုးဖောက်နိုင် မည့် စီမံကိန်းလုပ်ငန်းစဉ်များ ဖြစ်စေရန်အရေးကြီးကြောင်း၊ နည်းပညာသစ် ဖွံ့ဖြိုး တိုးတက်မှုများနှင့်အတူလိုက်ပါလာသည့် လုံခြုံရေးကျိုးပေါက်နိုင်မှု၊ အမျိုးသား ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ထိခိုက်နိုင်မှု၊ ကျင့်ဝတ်သိက္ခာဆိုင်ရာများနှင့် ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်အလက်လုံခြုံမှုစသည့် ခြိမ်းခြောက်မှုအန္တရာယ်များနှင့် ဆိုးကျိုးများ ကိုလည်း ထည့်သွင်းစဉ်းစားသွားရမည်ဖြစ်ကြောင်း။
ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်၊ တစ်နည်းအားဖြင့် ဆိုက်ဘာနယ်ပယ်သည် နယ်နိမိတ် ကန့်သတ်ပိုင်းခြားရန် ခက်ခဲပါကြောင်း၊ ကမ္ဘာတွင် လူပြောများလာသည့် ဆိုက်ဘာနယ်နိမိတ် အချုပ်အခြာအာဏာ(Cyberspace Sovereignty) ကိုလည်း ထည့် သွင်းစဉ်းစားကြရမည် ဖြစ်ကြောင်း။
ကမ္ဘာတွင် ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါလာသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုချိုးဖောက်ခြင်းများ၊ ဘက်လိုက်မှုကိစ္စ ရပ်များမှတဆင့် နိုင်ငံလုံခြုံရေးအထိခြိမ်းခြောက်နိုင်ခြင်းတို့သည် ထိပ်တန်းစိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ယင်းတို့ကို ကာကွယ်နိုင်ရန် နည်းပညာဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နည်း ပညာတိုးတက်မှုနောက်မှ ပြဋ္ဌာန်းချမှတ်ပေးနေကြရသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ထိန်းကျောင်း ကြီးကြပ်နိုင်ရန် လိုအပ်သည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း နည်းပညာဖွံ့ဖြိုးတိုးတက် မှုနှင့်အညီ ဟန်ချက်ညီညီရေးဆွဲချမှတ်ပြဋ္ဌာန်းနိုင်ရေးကို လည်း ဆောင်ရွက်သွားကြရန် အရေးကြီးသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။
“နည်းပညာသည် အနာဂတ်ကို ပုံဖော်သူ” ဟူသည့်စကားနှင့်အညီ ယခုပွဲမှ ရရှိ လာမည့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် တွန်းအားတစ်ခုဖြစ်ပါကြောင်းနှင့် နှီးနှောဖလှယ်ပွဲနှင့် ပြပွဲကြီးမှတဆင့် နိုင်ငံအတွက် အကျိုးရှိသည့် သုံးသပ်ဖော်ထုတ်ချက်များ၊ ရလဒ်ကောင်းများ ထွက် ပေါ်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဒစ်ဂျစ်တယ် မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားဆိုင်ရာ မှတ်တမ်း Video အား ကြည့်ရှုကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှော ဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှော ဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားတွင် ပြသထားရှိသည့် ပြခန်းတစ်ခုချင်းစီအလိုက် စိတ် ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။
အဆိုပါ ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲ(Digital Myanmar Forum and Exhibition)ကို “ဉာဏ်ရည်တု နည်းပညာခေတ် မြန်မာနိုင်ငံ၏ နည်းပညာအနာဂတ်ကို ပုံဖော်ခြင်း (Digital Myanmar: Shaping Myanmar’s Digital Future in the Age of AI)” ဟူသည့် ခေါင်းစဉ်ဖြင့် ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများနှင့် ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီများမှ ပြန်ခန်း များအား ပြသထားရှိကြောင်းသိရှိရသည်။
ဆက်လက်ပြီးနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။










